ချန်ပီယံ ဘိုင်ယန်မြူးနစ်က မိန်းဇ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

1.4K
ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်က မိန်းဇ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို မိန်းဇ်အသင်းက ဆိုတိုက စတင်သွင်း ယူတာပါ။ အိမ်ကွင်း ပရိတ်သတ်တွေရှေ့မှာ မိန်းဇ်အသင်းက အပြန်အလှန် ထိုးဖောက် ကစားသွားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်အတွက် ချေပဂိုးကိုတော့ ရှဝိန်းစတိုင်ဂါက ဖရီးကစ်က နေ လှလှပပ သွင်းယူ ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ခြေစွမ်းပြပြီး ရှုံးပွဲ မရှိသေးတဲ့ အသင်းလည်း ဖြစ်ပြီး ဘွန်ဒတ်စ်လီဂါမှာ တကောင်တည်းပြေးတဲ့ ပြိုင်မြင်းလို ဖြစ်နေတာပါ။
ဒုတိယပိုင်းအစမှာ မိန်းဇ် တိုက်စစ်မှူး အပိုင် အခွင့်အရေး ရပေမယ့် တဖက် ဂိုးသမား ကာကွယ်နိုင်လို့ သေချာပေါက် တဂိုး နစ်နာသွားရပါတယ်။ အခုပွဲစဉ်တွေ အပြီးမှာ ဂျာမန်အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကို ဆောင်းတွင်း အားလပ်ရက်အဖြစ် ၅ ပတ်ကြာ ရပ်နားထားမှာ ဖြစ်ပါတယ်။
ပွဲပြီးကာနီးမှာ အနိုင်ဂိုးကို တောင်ပံသမား ရော်ဘင်က ပိတ်ယူပြီး ၂ ဂိုးး၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နိုင်ပွဲဆက်တဲ့ ဘိုင်ယန်က အမှတ်ပေးဇယားမှာ ၄၅ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ၀ု့စ်ဘာ့ကို ဒီတပတ်မှာ ၁၁ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။