A d v e r t i s e m e n t With Us

အမေရိကန်-ကျူးဘား ဆက်ဆံရေး ပေါင်းစည်းမှု ပြည်သူရာနှင့်ချီ ကန့်ကွက်ဆန္ဒပြ

အမေရိကန် ပြည်ထောင်စု မီယာမီမြို့မှာ ကျူးဘားနွယ်ဖွား အမေရိကန် ရာပေါင်းများစွာ စုပေါင်းပြီး ကျူးဘားနဲ့ အမေရိကန် ဆက်ဆံရေး ပြန်လည်ပေါင်းစည်းလိုက်တဲ့ သမ္မတ အိုဘားမားရဲ့ မူဝါအပြောင်းအလဲကို ကန့်ကွက် ဆန္ဒပြကြပါတယ်။ ကျူးဘားမှာ အခုထိ တပါတီ စနစ်ကို ကျင့်သုံးနေပေမယ့် အခုလို ပေါင်းစည်းတာဟာ အိုဘားမားက သမ္မတ ရာအူး ကက်စထရိုကို ဆုချီးမြှင့်လိုက်တဲ့ သဘောသက်ရောက်တယ်လို့ ဆန္ဒပြသမားတွေက ပြောကြပါတယ်။ နိုင်ငံရေးသမား ကားလို့စ် ကာဘဲလိုးက ကမ္ဘာမှာ အဆိုးဆုံး ရန်သူနဲ့ တစားပွဲတည်းမှာ အတူထိုင်တဲ့ အစိုးရကို စိတ်ပျက်တယ်လို့ ပြောပါတယ်။ ကျူးဘားအစိုးရကို မထိုက်တန်တဲ့ တဖက်သတ် လိုက်လျောမှုတွေ လုပ်နေတာကို စိတ်ပျက်တယ်လို့ ပြောပါတယ်။ ကျူးဘားပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့အနေနဲ့ အခုလို ဆန္ဒပြတာလို့လည်း ဆိုပါတယ်။ ဖလောရီဒါ ပြည်နယ် အထက်လွှတ်တော်အမတ် အန်နီ တာရီ ဖလောစ်က အမေရိကန် ပြည်ထောင်စုက ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် မရပ်တည်ပေးရင် ဘယ်သူက ရပ်တည်မလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ ဒီလို မူဝါဒ အပြောင်းအလဲအတွက်လည်း အံ့အား သင့်ရတယ်လို့ ပြောပါတယ်။ သမ္မတ အိုဘားမားကတော့ ကျူးဘားနဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်လိုက်တာဟာ ကွန်မြူနစ် ကျွန်းနိုင်ငံကို လွှမ်းမိုးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲလို့ ပြောပါတယ်။ ကျူးဘားအပေါ် စီးပွားရေး ပိတ်ဆို့တာတွေက ရုပ်သိမ်းပေးဖို့ကိုလည်း သမ္မတ အိုးဘားမားက ကွန်ဂရက်ကို တိုက်တွန်းခဲ့ပါတယ်။ us-cubaကျူးဘားနဲ့ သံတမန် ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အိုဘားမားက ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ ရန်လိုနေတဲ့ ဆက်ဆံရေးကို နိဂုံးချုပ်လိုက်ပြီး ချက်ချင်းလက်ငင်း အပြောင်းအလဲတွေ မဖြစ်နိုင်ပေမယ့် အဆုံးတနေ့မှာ ကျူးဘားပြည်သူတွေအတွက် လွတ်လပ်မှုတွေ ပွင့်လန်းလာဖို့ ဦးတည်မယ်လို့ ပြောပါတယ်။ တချိန်တည်းမှာ ကျူးဘားအပေါ် ပိတ်ဆို့ထားတဲ့ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဘဏ်စနစ် အတားအဆီးတွေကိုလည်း ဖြေလျော့ပေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမ့ယ် နှစ် ၅၀ ကြာ စီးပွားရေးပိတ်ဆို့မှုဟာ ဥပဒေအရ ချမှတ်ထားတာ ဖြစ်လို့ ကွန်ဂရက်က ပြန်ရုပ်သိမ်းမှ ဖြစ်နိုင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။ လာမယ့် ဇန်န၀ါရီလ ကွန်ဂရက်မှာ ရီဗက်ပလစ်ကန်တွေ လွှမ်းမိုးလာမှာဖြစ်ပြီး သူတို့ကတော့ ကျူးဘားအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ့် ကိစ္စတွေကို တားဆီးသွားမယ်လို့ ပြောပါတယ်။ ဒါတင်မက ကျူးဘားမှာ အမေရိကန် သံရုံးဖွင့်ရင် အသုံးစရိတ်ကို ခွင့်ပြုချက်ပေးမှာ မဟုတ်သလို၊ သံအမတ်ကြီး ခန့်အပ်တာကိုလည်း အတည်ပြုချက်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ သမ္မတ အိုဘားမားကတော့ ကွန်ဂရက်အပေါ် သူ့ရဲ့ အရှိန်အ၀ါကို သုံးဖို့ ဆန္ဒရှိတယ်လို့ ပြောထားပြီး လောလောဆယ် အငြင်းအခုန်ဟာ အချိန်တန်ရင် ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်တယ်ကြောင်း ပြောပါတယ်။ ကျူးဘားနဲ့ သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်ပေမယ့် ကျူးဘားရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ချက်ချင်းတိုးတက်လာဖို့ မရှိသလို၊ နှစ်နိုင်ငံ သမ္မတတွေ အပြန်အလှန် လည်ပတ်တဲ့ အခြေအနေမျိုးအထိတော့ ရောက်ဦးမှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအသက် ၅၃ နှစ်အရွယ် အိုဘားမားက သူ့ဘ၀မှာ ကျူးဘားကို လည်ပတ်ခွင့်ရတဲ့ တနေ့ ရောက်လာမယ်လို့ တခါတလေ စဉ်းစားမိတယ်လို့လည်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up