အရေးပေါ် ရှေးဦးပြုစုခြင်းနှင့်သဘာဝဘေးအတွက် မိုဘိုင်းဆော့ဝဲ ၂ ခု ထုတ်လုပ်

1.9K
အရေးပေါ်ရှေးဦးပြုစုခြင်းနဲ့ သဘာဝဘေးအန္တရာယ် သတိပေးချက်တွေကို မိုဘိုင်းဖုန်းကတဆင့် အလွယ်တကူသိရှိနိုင်ဖို့ မိုဘိုင်းဆော့ဝဲ ၂ ခုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်လုပ်လိုက်ပါတယ်။
နေ့စဉ်ကြုံတွေ့နိုင်တဲ့ မတော်တဆ ထိခိုက်မှုတွေမှာ ရှေးဦးသူနာပြုစုတာကို ဆေးရုံဆေးခန်းမရောက်မီ အချိန်မီကုသနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မူ အဆင့်ဆင့်ပါဝင်တဲ့ မိုဘိုင်းဆော့ဝဲ ၂ ခုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အခမဲ့ဖြန့်ဝေလိုက်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကြေညာခဲ့ပါတယ်။
ရှေးဦးသူနာပြူစုနည်း အဆင့်ဆင့်ပါဝင်တဲ့ First Adi application နဲ့ သဘာဝဘေးအန္တရာယ် သတိပေးချက်တွေ ကာကွယ်မူအပိုင်းတွေ ပါဝင်တဲ့ Multi Hazard application တွေကို ဂူဂဲပလေးစတိုးမှာ အခမဲ့ရယူနိုင်ပြီး မိုဘိုင်းဖုန်းဆိုင်တွေမှာလည်း အခမဲ့ရယူနိုင်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနို်င်ငံကြက်ခြေနီအသင်း ညွှန်မှူး ဒေါ်ရွေဇင်မြင့်က “တကယ်လို့များ ထိခိုက်ဒဏ်ရာရခဲ့ရင် မိုဘိုင်းအသုံးပြုသူအနေနဲ့ သူက သက်ဆိုင်တဲ့ ခေါင်းစဉ်လေးကို သွားပြီးတော့ ပြုစုပုံအဆင့်ဆင့်အတိုင်း လုပ်ဆောင်ပြီးတော့မှ ဆေးရုံဆေးခန်း သွားမယ်ဆိုရင် အများကြီး စိတ်ချရမယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဒုက္ခလည်း သက်သာမှာဖြစ်သလို တကယ်လို့များ နားမလည်လို့ မပြုစုနိုင်လို့ အသက်ဆုံးရှုံးရမယ့် အန္တရာယ်မျိုးကလည်း ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုရှေးဦးလူနာပြုစုခြင်းတွေအပြင် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေလွှမ်းတာ၊ ငလျင်လူပ်တာတွေနဲ့ မုန်တိုင်းဘေးအန္တရာယ်တွေအတွက် ကာကွယ်မူတွေပါဝင်ပြီး နောက်ပိုင်းမှာ မိမိရောက်ရှိနေတဲ့ နေရာရဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးချက်တွေကိုပါ ထည့်သွင်းနိုင်အောင်လုပ်သွားမယ်လို့ ပြောပါတယ်။
ဒီမိုဘိုင်းဆော့ဝဲ ၂ ခုကို အမေရိကန် ကြက်ခြေနီအသင်းရဲ့ အကူညီနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းလုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး လွှင့်တင်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၇ ခုနစ်က စတင်တည်ထောင်တာဖြစ်ပြီး နစ်စဉ်ပျမ်းမျှ လူဦးရေ ၅ သိန်းကျော်ကို လူမှုရေးအကူအညီနဲ့ ကယ်ဆယ်မှုတွေ ပြုလုပ်ပေးနိုင်မယ်လို့ သိရပါတယ်။