A d v e r t i s e m e n t With Us

သူပုန်အဖွဲ့ကို တိုက်ရန်ငြင်းသည့် နိုင်ဂျီးရီးယား စစ်သား ၅၄ ဦး သေဒဏ်ချမှတ်ခံရ

နိုင်ဂျီးရီးယားစစ်ခုံရုံးက ဘိုကိုဟာရမ်တွေကို တိုက်ဖို့ ငြင်းဆန်တဲ့အတွက် စစ်သား ၅၄ ယောက်ကို တပ်ဖွဲ့နဲ့ပစ်သတ်တဲ့ သေဒဏ်ကို စီရင်လိုက်ပါတယ်။ အဘူဂျာမြို့က စစ်ရုံးချုပ်မှာ အခြေစိုက်တဲ့ စစ်ခုံရုံးက စစ်သားတွေကို နိုင်ငံ အရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ် စစ်သွေးကြွတွေကို တိုက်ဖို့အမိန့်ကို ဖီဆန်မှုနဲ့ တပ်တွင်းပုန်ကန်မှုအတွက် လျှို့ဝှက်ပူးပေါင်းကြံစည်မှု ၂ ခုနဲ့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်သားတွေကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။ မိုင်ဒူဂူရီနဲ့ ဘော်နိုပြည်နယ်တွေက စစ်သားနဲ့ အကြီးတန်း အရာရှိ ၉၇ ယောက်ကို ဘိုကိုဟာရမ်တွေ တပ်စွဲထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ ငြင်းဆန်မှုနဲ့ စစ်ဆေးဖို့ စစ်ခုံရုံးကို အောက်တိုဘာလက စတင် ဖွင့်လှစ်ခဲ့တာပါ။ စွပ်စွဲခံတွေရဲ့ ရှေ့နေတဦးကတော့ စစ်သားတွေဟာ သူတို့ထက် လက်နက်အင်အား သာလွန်းတဲ့ သူပုန်တွေကို မလုံလောက်တဲ့ လက်နက်တွေနဲ့တိုက်ဖို့ တာဝန်ချမှုကို ဆန္ဒပြခဲ့တာလို့ အခိုင်အမာ ပြောပါတယ်။ 10304541အခုသေဒဏ်စီရင်ခံရတဲ့ စစ်သားအသုတ်ဟာ စစ်သား ၉၇ ယောက်ထဲက ပထမအသုတ်ပါ။ စစ်ခုံရုံးတင်ခံရတဲ့ စစ်သား ၅၄ ယောက်ကတော့ တပ်တွင်းပုန်ကန်မှု၊ လက်ရောက်ကျူးလွန်မှု၊ ထွက်ပြေး တိမ်းရှောင်မှု၊ အမိန့်မနာခံတဲ့ အပြုအမူတွေ စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစီရင်ချက်ဟာ ဘိုကိုဟာရမ်တွေနဲ့ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သည်တွေအပေါ် ဘယ်လိုသက်ရောက်မလဲ ဆိုတာ မပြောနိုင်သေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရားရုံးဆုံးဖြတ်ချက်ကို ဝေဖန်နေကြပါတယ်။ “နိုင်ဂျီးရီးယား ဥပဒေမှာ သေဒဏ်ကို လူအစုလိုက် အပြုံလိုက် သတ်မှုလိုမျိုး အပြင်းထန်ဆုံး အမှုတွေအတွက်ပဲ သုံးသင့်တယ်။ တပ်တွင်းပုန်ကန်မှုက ချဲ့ကားလွန်းတယ်လို့ ထင်တယ်။ အာဏာပိုင်တွေက ပြန်စဉ်းစားသင့်တယ်” လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human rights watch) ရဲ့ နိုင်ဂျီးရီးယားရုံးခွဲ အကြီးတန်း သုတေသနပညာရှင်က ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်က နိုင်ဂျီးရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆက်ဖြတ်ခဲ့ပြီးတဲ့နောက် ဘိုကိုဟာရမ်တွေကို တိုက်မှုက အကြီးအကျယ် အားနည်းခဲ့တာပါ။ ကျန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up