အမေရိကန်က ထိုင်ဝမ်ကို စစ်သင်္ဘော ၄ စီးရောင်းချမှု တရုတ် ဆန့်ကျင်

အမေရိကန်က ထိုင်ဝမ်ကို ပယ်ရီအဆင့် ပဲ့ထိန်းဒုံးကျည်တပ် စစ်သင်္ဘောလေးစီးကို ရောင်းချရေး အခွင့်အာဏာပေးတဲ့ စည်းမျဉ်းကို အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက လက်မှတ်ရေးထိုးခဲ့လို့ တရုတ်အစိုးရက ဒီဇင်ဘာ ၁၉ ရက်နေ့က ဆန့်ကျင်ရှုတ်ချလိုက်ပါတယ်။
တိုင်ဝမ်အရေးဟာ တရုတ်ရဲ့ ဗဟိုချက် အကျိုးစီးပွားဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အထိခိုက်မခံဆုံးနဲ့ အရေးအကြီးဆုံး အချက်အဖြစ် ရှိနေဆဲလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ချင်ဂံက ပြောပါတယ်။
“ဒီဥပဒေမူကြမ်းဟာ တရုတ်နဲ့အမေရိကန်ကြား တရားဝင်ထုတ်ပြန်ချက် ၃ ရပ်ကို ချိုးဖောက်တာဖြစ်တယ်၊ တရုတ်ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်မှု၊ တရုတ်အချုပ်အခြာကို ထိခိုက်မှု၊ လုံခြုံရေးအကျိုးစီးပွားနဲ့ အပြန်အလှန် ဆက်ဆံရေး ငြိမ်းငြိမ်းချမ်းချမ်း တိုးတက်မှုကို ဆန့်ကျင်မှု ဖြစ်တယ်” လို့ ဆိုပါတယ်။
တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရောင်းချမှု အတည်ပြုပေးတဲ့အတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။
အမေရိကန်က လတ်တလောနှစ်တွေအတွင်း တိုင်ဝမ်ကို လက်နက်ရောင်းချမှုအတွက် တရုတ်က ပြစ်တင်ရှုတ်ချခဲ့ပေမယ့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးရော၊ တရုတ်နဲ့တိုင်ဝမ် ဆက်ဆံရေးပါ ပျက်စီးမှုတော့ မဖြစ်ခဲ့ပါဘူး။
၁၉၄၉ တရုတ်ပြည်တွင်းစစ်မှာ အမျိုးသားရေးဝါဒီတပ်တွေ ရှုံးနိမ့်ပြီး တိုင်ဝမ်ကျွန်းဆီ ထွက်ပြေးလာခဲ့ပြီးကတည်းက တရုတ်နဲ့ တိုင်ဝမ်ဟာ သီးခြားစီအုပ်ချုပ်ခဲ့တာပါ။ တရုတ်က တိုင်ဝမ်ကျွန်းကို ထိန်းချုပ်ဖို့ စစ်တပ်စေလွှတ်မှု တခါမှ မရှိခဲ့ပါဘူး။