ပြင်သစ် နောက်ခံလူ အဲရစ် အဘီဒယ်လ်ဟာ ဘောလုံးသမားဘ၀ကနေ အနားယူတော့မယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့က ကြေညာပါတယ်။
အဘီဒယ်လ်ဟာ ၂၀၁၂ ဧပြီလက အသည်းအစားထိုး ကုသခဲ့ရပေမယ့် ဘောလုံး ဆက်ကစားခဲ့ပါသေးတယ်။

အခုလို အနားယူတာကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ဖြစ်တယ်လို့ အဘီဒယ်က အေသင်မြို့နားက ပရေးယက်စ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါဟာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်ပြီး ထိပ်တန်း ကစားသမားတိုင်းဟာ ဘယ်အချိန်နားရမယ်ဆိုတာကို သိကြသလို သူနားရမယ့် အချိန်ရောက်ပြီဆိုတာကိုလည်း သူသိတယ်လို့ ပြောသွားပါတယ်။
အသက် ၃၅ နှစ်အရွယ် အဘီဒယ်လ်ဟာ ပြင်သစ်အသင်းအတွက် ၆၇ ပွဲ ကစားခဲ့ပါတယ်။
ဒါအပြင် ဘာစီလိုနာ အသင်းနဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ တို့မှာ ချန်ပီယံ လိဂ်ဖလား၊ လာဂီဂါ ဖလား ၄ ကြိမ် ရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘာကာ အသင်း ဒါမှမဟုတ် အိုလံပစ်ယာကောစ် အသင်းမှာ နည်းပြအဖွဲ့ဝင်တယောက်အဖြစ် တာဝန်ယူကောင်း ယူနိုင်ပေမယ့် လောလောဆယ်မှာတော့ ခဏ အနားယူပြီး မိသားစုအတွက် အချိန်ပေးဦးမယ်လို့လည်း ပြောပါတယ်။