အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က လစ်တဲလ်ခရိခ် ပူးတွဲလေ့လာရေးစခန်းက ရေတပ်သုတေသနရုံးဟာ သရဲရေကူးသမားလို့ နာမည်ပေးထားတဲ့ စက်ရုပ်ငါးကို စတင်စမ်းသပ်နေပါတယ်။

စက်ရုပ်ငါးကို သဘာဝရဲ့စနစ်နဲ့ ပုံစံတွေ တုပဖန်တီးပြီး လူတွေရဲ့ ပြဿ နာတွေကို ဖြေရှင်းမယ့် နည်းပညာနယ်ပယ်ကို အမေရိကန်စစ်တပ်က စမ်းသပ်နေတာပါ။
စက်ရုပ်ငါးဟာ ရေထဲ မှာ ဘေးတိုက်အမြီးလှုပ်နေတဲ့ တကယ့်ငါးလို ရေကူးနိုင်အောင် ပုံစံ ထုတ်ထားတဲ့ မောင်းသူမဲ့ ယာဉ်လည်း ဖြစ်ပါတယ်။
၅ ပေရှည်ပြီး ပေါင် ၁၀၀ လေးတဲ့ ဒီယာဉ်ဟာ ကျူနာငါးတကောင်ရဲ့ ပျမ်းမျှ အရွယ်အစားရှိတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
ဒီယာဉ်ဟာ လှိုင်း၊ ပြောင်းလဲနေတဲ့ ရေစီးကြောင်းတွေနဲ့ ရာသီဥတုအခြေ အနေတွေ စတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့ပြီးပြီလို့ အရာရှိတွေက ပြောပါတယ်။
အမေရိကန် ရေတပ်ကတော့ ဒီယာဉ်ဟာ ရေငုပ်သမားတွေနဲ့ သင်္ဘောသားတွေကို ဘေးကင်းအောင် ထားနိုင်ပြီး ကင်းထောက်နဲ့ စောင့်ကြည့်ရေး လုပ်ငန်းတွေအတွက် သုံးနိုင်တယ်။ ရေတပ်က ရေအောက်မိုင်းတွေနဲ့ ပစ္စည်းကိရိယာတွေ ရှိတဲ့နေရာကို ရှာဖို့ လတ်တလော သင်တန်းပေးနေတဲ့ ကယ်လီဖိုးနီးယား ပင်လယ်ဖျံနဲ့ လင်းပိုင်တွေရဲ့ သုံးစွဲမှု နေရာမှာ အစားထိုးနိုင်မယ်လို့ ပြောပါတယ်။