အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ တိုက်စစ်မှူး ဖယ်ကာအိုက မန်ယူ အသင်းမှာ ဆက်နေပြီး ကစားချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အိုးထရက်ဖို့ဒ်ကလပ်မှာ ရေရှည် ဆက်နေဖို့က အသင်းမှာ ပွဲထွက် ကစားခွင့် ဘယ်လောက်ရသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့လည်း ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြင်သစ်ကလပ် မိုနာကိုကနေ မန်ယူကို ဒီနှစ်ရာသီထဲမှာ အငှားနဲ့ လာရောက် ကစားနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မန်ယူနည်းပြ ဗန်ဂါက ဖယ်ကာအိုဟာ ဘောလုံး ကစားဖို့ မိနစ် ၂၀ ပဲ ကြံ့ခိုင်မှု ရှိတယ်လို့ ပြောဆိုထားပါတယ်။ တိုက်စစ်မှူးကတော့ သူ့အနေနဲ့ အခုအခါမှာ ရာနှုန်းပြည့် ကြံ့ခိုင်နေပြီလို့ ဆိုထားပါတယ်။
တပတ်လုပ်ခ ပေါင်စတာလင် ၂၅၀၀၀၀ အထိ ရရှိနေတဲ့ ဖယ်ကာအိုဟာ မန်ယူအတွက် ၈ ပွဲကစားပေးထားရာမှာ ၁ ဂိုး သွင်းယူထားပြီး အခုနောက်ပိုင်းပွဲတွေမှာ အချိန်ပိုင်းနဲ့ ၀င်ရောက် ကစားနေရတာပါ။
မန်ယူက သူ့ကို အငှားနဲ့ခေါ်ယူထားပေမယ့်လည်း ဒီနှစ်အကုန်မှာ ပေါင် ၄၃ သန်းနဲ့ အပြီး ၀ယ်ယူနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။