ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သုံးသင့်ဟုဆို
DVB
·
December 18, 2014
မြန်အောင်မြို့နယ်မှာ တိုက်ကျွေးနေတဲ့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးဟာ လူတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် ပြည်သူလူထုတွေ သောက်သုံးသင့်တယ်လို့ မြို့နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ တိုက်ကျွေးနေတဲ့ ဆင်းခြေထောက်ရောဂါ ကာကွယ်ဆေး DEC ဆေးတွေဟာ ရောဂါရှိသူတွေ ပျောက်ကင်းအောင်နဲ့ ရောဂါမရှိသူတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် သောက်သုံးသင့်ကြောင်း မြို့နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ဦးတင်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲမှာ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးစဉ်က ဆေးသောက်ပြီး မူးဝေမှုတွေရှိတာကြောင့် အစာစားပြီးမှ သောက်သင့်တယ်လို့လည်း ပြောပါတယ်။
ဆင်းခြေထောက်ရောဂါကာကွယ်ဆေးတွေကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေက ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တိုင်ယာရောက်လိုက်လံ တိုက်ကျွေးမှာဖြစ်ပြီး ညနေ ၄ နာရီကနေ ည ၇ နာရီထိ မိသားစုကို အိမ်တွင်းစောင့်ဆိုင်းခြင်းဖြင့် ကူညီကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆော်သြထားပါတယ်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ၂ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေကလွဲပြီး ကျန်တဲ့ လူတွေ သောက်သုံးနိုင်တယ်လို့ လှုံ့ဆော်တဲ့ လက်ကမ်းစာစောင်တွေမှာ ဖော်ပြထားပါတယ်။