
တာလီဘန်တွေလို့ သံသယရှိထားတဲ့ စစ်သွေးကြွတွေက အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မန်းဒ်ခရိုင်ထဲက ဘဏ်ခွဲတခုထဲမှာ ဒီဇင်ဘာလ ၁၇ ရက်ကေ အသေခံဗုံးခွဲမှု တခုလုပ်ခဲ့လို့ လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန် သေနတ်နဲ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ချိန်မှာ ဘဏ်ထဲမှာရှိတဲ့ အရပ်သားအရေအတွက်ကို မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။
“ကဘူးလ်ဘဏ်ရဲ့ ဒုတိယဝင်ပေါက်မှာ ရှိနေတုန်း အသေခံတိုက်ခိုက်ရေး သမားတွေက ပထမဝင်ပေါက်ထဲကို မော်တော်ဆိုင်ကယ်တွေစီးရင်း ရုတ်တရက် ရောက်လာတယ်။ သေနတ်ထုတ်ဖို့ ကြိုးစားပေမယ့် သူတို့က ပစ်ခတ်ရင်း အဆောက်အဦထဲ ဝင်လာတယ်။ အစောင့်သူငယ်ချင်းလုံခြုံရေးသမား သေဆုံးပြီး ကျနော်ကတော့ လွတ်လာတယ်” လို့ ဘဏ်အစောင့်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။
လွတ်လာတဲ့ ဘဏ်လုပ်သားတွေကတော့ ဘဏ်ထဲမှာ လစာလာထုတ်တဲ့ အစိုးရဝန်ထမ်းတွေနဲ့ အလုပ်ရှုပ်နေတုန်း တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။