စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ လစာနှုန်းထား လိုချင်တယ် – ဦးနော်အောင်

အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်
မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှု မဆောင်ရွက်နိုင်သေးတာကြောင့် ဒီနှစ်အတွင်းမှာတော့ သတ်မှတ်နိုင်ဖွယ်မရှိဘူးလို့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_74086" align="alignright" width="430"]အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင် အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်[/caption] အနည်းဆုံးအခကြေးငွေ ဥပဒေအရ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်နိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၁၀၈ မြို့နယ်မှာ စစ်တမ်းကောက်ယူဖို့ ဆုံးဖြတ်တာ လအတန်ကြာပေမယ့် မစတင်နိုင်သေးဘူးလို့ အမျိုးသားအဆင့် ကော်မတီရဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က ပြောပါတယ်။ အလုပ်သမားတွေရဲ့ နေ့စဉ်စားဝတ်နေမှု အာမခံချက်အတွက် တောင်းဆိုတာဖြစ်ပြီး အလုပ်ရှင်တွေ စိတ်ပျက်လောက်ဖွယ် အလွန်အကျွံ မတောင်းဆိုဘူးလို့ သူက ပြောပါတယ်။ မြန်မာအလုပ်သမားသန်းနဲ့ချီပြီး အလုပ်လုပ်နေကြတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက အနိမ့်ဆုံး လုပ် အားခတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ထိုင်းဘတ်ငွေ ၂၀၀ ၀န်းကျင်နဲ့ နယ်ပယ်အလိုက် သတ်မှတ်နှုန်း အနည်းငယ်ကွာဟပြီး သတ်မှတ်ကျင့်သုံးခဲ့ရာက လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ နိုင်ငံတ၀န်း ထိုင်းဘတ်ငွေ ၃၀၀ သတ်မှတ်ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်။ ထိုင်းငွေ ၁ ဘတ်ဟာ မြန်မာငွေ ကျပ် ၃၀ ကျော်ခန့် ဈေးပေါက်ပါတယ်။ အစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတ ရဲ့ လစာဟာ သိန်းငါးဆယ်။ ဒုတိယသမ္မတတွေရဲ့ လစာငွေဟာ ကျပ်သိန်းလေးဆယ်ဖြစ်ပါတယ်။ ဒီနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို လစာငွေ သုံးသိန်းအစား ၁၀ သိန်းခံစားဖို့ တိုးမြှင့်ခဲ့သလို တစ်ရက်စာနေ့တွက်ခကိုတော့ ကျပ်နှစ်သောင်း ရရှိခံစားဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီလ ၁၃ ရက်နေ့က လှိုင် သာယာစက်မှုဇုန် ကနောင်ခန်းမမှာ လွှတ်တော်၊ အလုပ်ရှင်၊ အ လုပ်သမားနှင့်အစိုးရဝန်ကြီးဌာန များတွေ့ဆုံပွဲမှာအလုပ်သမားများ အခြေခံလုပ်ခသတ်မှတ်ချက် ထုတ်ပြန်ပေးမည့်အချိန်ကို တာဝန်မယူရဲပါက သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီအလုပ်ကို မလုပ်ဆောင်သင့်ဘူးလို့ သတိပေး ပြောကြားခဲ့ပါသေးတယ်။ ဒီကနေ့ နေ့ခင်းပိုင်းကျရင် နေပြည်တော်မှာ အလုပ်သမားဝန်ကြီး ဦးအေးမြင့်ဦးဆောင်တဲ့ လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဝင်တွေ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါ တယ်။ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေးနဲ့ပတ်သက်လို့ နောက်ဆုံးဖြစ်ထွန်းမှု အခြေအနေကို အမျိုးသားအဆင့်ကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အလုပ်သမားတွေဘက်က အနိမ့်ဆုံးလုပ်ခလစာကို ထိုင်းဈေးဖြစ်တဲ့ မြန်မာကျပ်ငွေ ၉၀၀၀ ထိ ရရှိလိုကြောင်း တောင်းဆိုတယ်လို့ ကြားသိရပါတယ်။ ဘယ်ပေါ်မှာ ဒီနှုန်းထား တောင်းတယ်ဆိုတာ ပြောပြပါလား။ “ကျနော်တို့က အဲဒါကို အသေးစိတ်လေးရှင်းပြမယ်။ ကျနော်တို့ တောင်းထားတာ ၉၀၀၀ လို့ မပါဘူး။ စားဝတ်နေရေးဖူလုံတယ်ဆိုတဲ့ လစာ လိုချင်တယ်လို့ပဲ တောင်းထားတာ။ ဘယ်လောက်ပါလို့ ကျနော်တို့မပြောဘူး။ သို့ပေမယ့်လည်း ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ရှိတယ်။ အဲဒီနမူနာပဲ ကျနော်တို့ ပြောပြထားတာ (ဥပမာ- ထိုင်းမှာ တရက် ဘတ် ၃၀၀- မြန်မာငွေ ၉၀၀၀ ကျော်)။ အိမ်နီးချင်းနိုင်ငံတွေရှိတယ်။ အာဆီယံ လစာနှုန်းထားလို့ တောင်းကြတဲ့သူတွေ ရှိသလို နိုင်ငံတကာနှုန်းထားလို့ တောင်းတဲ့သူလည်းရှိတယ်။ ကျနော်တို့ အာဆီယံကိုကြည့်မယ်ဆိုရင် အာဆီယံက မလေးရှားတို့၊ စင်ကာပူတို့ဆိုရင် သူတို့က ဖွံ့ဖြိုးပြီးသားနိုင်ငံ ပုံစံဖြစ်နေတာလေ။ အဲဒီတော့ သူတို့ရဲ့ စံနှုန်းကို ယူမှာလား၊ ဒါမှမဟုတ် လာအိုတို့လို ဗီယက်နမ်တို့လို နှုန်းထားကို ပြောမှာလား။ ဆိုတော့ အာဆီယံနှုန်းထားလည်း ကျနော်တို့ မလိုချင်ဘူး။ အဓိက ကျနော်တို့ ပြဿ နာက မြန်မာနိုင်ငံရဲ့အလုပ်သမားတွေ အခက်အခဲဖြစ်လို့။ ဒီအနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်တဲ့အခါမှာ စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ နှုန်းထားလေးတခုတော့ လိုချင်တယ်။ အဲဒါကိုတော့ ကျနော်တို့ တောင်းထားတာ။ အဲဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အမ်တီယူအက်ဖ်) ကနေ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်ပြီးတော့ ဆာဗေး ဆင်းထားတာတခု ရှိတယ်လေ။ အဲဒီမှာ ၇၀၀၀ ဆိုတဲ့ နှုန်းထားတခု ထွက်လာတယ်။ လူတယောက် တနေ့ ၇၀၀၀ ဆိုပြီးတော့ ထွက်လာတယ်။ ၃ ဦးရှိတဲ့ မိသားစု (၃ ဦးဆိုတာ မှီခိုသူ၊ ကလေးတဦးနဲ့ ဇနီး သို့မဟုတ် အမျိုးသားပေါ့ဗျာ) မှီခိုနိုင်မယ်ပေါ့ဗျာ ၇၀၀၀ ကျပ် ရလို့ရှိရင်။ အဲဒါကို စစ်တမ်းကောက်ထားတာရှိတယ်။ အဲဒါကို ကျနော်တို့ ကိုင်စွဲထားတယ်ပေါ့။ ဒါပေမယ့် အဲဒါ ယတိပြတ်ကြီးတော့ မဟုတ်ဘူး။ ညှိနှိုင်းဖို့လည်း ကျနော်တို့ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ မိသားစုစားဝတ်နေရေးဖူလုံဖို့ပဲ အရေးကြီးတာ။ ကျနော်တို့က အဲဒါအတွက်ပဲ တောင်းသွားမှာ။” အကိုရှင်းပြချက်အရဆို အနိမ့်ဆုံးလစာက ကိန်းဂဏန်းပေါ်မှာ မပြောဘဲ၊ Survey (ကွင်းဆင်းစစ်တမ်းကောက်ယူမှု) ပေါ်မှာ မူတည်တယ်ပေါ့။ “ဟုတ်တယ်။ Survey ပေါ်မှာ အဓိကကျတယ်။ Survey ကလည်း တဖက်သတ် Survey မဟုတ်ဘဲနဲ့ အလုပ်ရှင်ကော၊ အလုပ်သမားကော အကုန်လုံးပါဝင် ကောက်တဲ့ Survey တော့ ကျနော်တို့ လိုချင်တယ်။ သူတို့ အစိုးရတဦးတည်းနဲ့ ကောက်လိုက်တဲ့ Survey က တော်ကြာ အလုပ်ရှင်က မကျေနပ်လို့၊ အလုပ်သမားက မကျေနပ်လို့ဖြစ်မယ်။ အဓိက ကာယကံရှင် ၂ ဦးဖြစ်တဲ့ အလုပ်သမားနဲ့ အလုပ်ရှင် ပါဝင်ပြီးတော့မှ ကောက်ဖို့ လိုအပ်တယ်ပေါ့။” တောင်ကိုရီးယားမှာ တလ ဒေါ်လာ ၈၀၀။ ထိုင်းမှာ တလ ဒေါ်လာ ၃၀၀ အနိမ့်ဆုံးပေါ့။ ဒီနိုင်ငံတွေကတော့ ကိုယ့်ထက် နည်းနည်းပို ရှေ့ရောက်တယ်ဆိုတော့ မြန်မာနိုင်ငံက ပကတိအခြေအနေမှာ လာအိုနဲ့ နီးစပ်မလား၊ ဗီယက်နမ်နဲ့ နီးစပ်လား၊ နီပေါနဲ့ နီးစပ်လား။ “ဒီလို စဉ်းစားကြရအောင်။ ကျနော်တို့ အာဆီယံနိုင်ငံတွေက သူ့အတိုင်းအတာနဲ့ သူ အခက်အခဲတွေ ရှိကြတယ်။ ဥပမာ - ဗီယက်နမ်ဆိုတာ သူ့နိုင်ငံတွင်းမှာ ပေးနေတဲ့ လစာဟာ အခုသူတို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာက ဒေါ်လာ ၉၀ ပေါ့ဗျာ။ ဒါပေမယ့် သူတို့ အပြင်မှာ ပေးနေတဲ့ လစာနှုန်းထားက (၁ သိန်းခွဲ) ၀န်းကျင်လောက်ဖြစ်နေတယ်။ ဆိုတော့ သူ့ရဲ့ အနိမ့်ဆုံးလုပ်ခလစာက လစာပေးနှုန်းထားနဲ့ ဆန့်ကျင်ဘက် မဖြစ်ဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို သူက လုပ်ငန်းခွင်တွေများပြီး အလုပ်သမားရှားပါးလို့ အော်တိုမစ်တစ်တက်သွားတဲ့ လစာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့နိုင်ငံနဲ့ သွားပြီးတော့ နှိုင်းယှဉ်လို့ မရဘူး။ လာအိုတို့ဘာတို့နဲ့လည်း ကျနော်တို့က အခြေအနေက မတူဘူးလေ။ အဲဒါကြောင့် ကျနော်တို့ဟာ ဘယ်နိုင်ငံရဲ့ ပုံစံကိုမှ မဟုတ်ဘူး။ အဓိက ကျနော်တို့နိုင်ငံရဲ့ ရေ၊ မြေ၊ သဘာဝနဲ့ပေါ့ဗျာ ကိုက်ညီမယ့် နှုန်းထားဖြစ်ဖို့ လိုအပ်တယ်။ ယိုးဒယားကပေးတဲ့ပုံစံက တနေ့ကို ဘတ် ၃၀၀ ဗမာငွေနဲ့ဆိုရင် ကျပ် ၁ သောင်း ၀န်းကျင်ပေါ့ဗျာ။ ကျနော်တို့က (၁ သောင်းကျပ်) ၀န်းကျင် ပေးပါလို့လည်း မဆိုလိုဘူး။ ရှင်းရှင်းပြောရရင် Survey က အရေးကြီးတယ်။ Survey က အကုန်လုံးပါဝင်တဲ့ Survey ဖြစ်ဖို့လိုအပ်တယ်။ အဲဒီ Survey ထွက်လာပြီဆိုရင် နိုင်ငံတကာ တွက်ချက်တဲ့ ဖော်မြူလာ ရှိတယ်။ အနိမ့်ဆုံးလုပ်ခလစာ တွက်တဲ့ ဖော်ဖြူလာရှိတယ်။ အဲဒါနဲ့ တွက်လိုက်မယ်ဆိုရင် သူ့ဟာသူ ဖြစ်သွားမှာပေါ့ဗျာ။ အဲဒီထဲမှာ ကုန်ဈေးနှုန်း၊ ဆတိုးနှုန်းတို့ အကုန် ပါတာပေါ့ဗျာ။” အလုပ်သမားလစာ တအားများရင် နိုင်ငံနစ်နာတာမျိုးဖြစ်နိုင်တယ်၊ လုပ်ခတအားများရင် အလုပ်ရှင်တွေ လန်ထွက်သွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကိုရော အလုပ်သမား ကိုယ်စားလှယ်တွေဘက်က ဘယ်လောက်အလေးထားလဲ။ “ကျနော်တို့ သိထားဖို့ကတော့ အလုပ်ရှင်ရှိမှ အလုပ်သမားရှိတယ်။ အလုပ်သမားရှိမှလည်း အလုပ်ရှင် အကျိုးအမြတ်ရှိတာပေါ့ဗျာ။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုတာလည်း ကျနော်တို့ နားလည်ထားပါတယ်။ အဲဒါကြောင့်မို့လည်း ကျနော်တို့က ဘယ်နိုင်ငံရဲ့မူ၊ ဘယ်နိုင်ငံရဲ့ ဘောင်မှ မလုပ်ပါနဲ့။ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ မူဘောင်ကို တွင်တွင်ပြောနေတာက အဲဒါတွေ ပါတာပေါ့ဗျာ။ တကယ်လို့သာ ကျနော်တို့နိုင်ငံနဲ့ မကိုက်ညီတဲ့ တခုခုကို သတ်မှတ်လိုက်မယ်၊ နောက်ဆုံးအလုပ်ရှင်တွေ အလုပ်ရုံပိတ်သွားပြီးတော့မှ တခြားလုပ်ငန်းဘက်ကို၊ ကုန်ထုတ်လုပ်တဲ့ဘက်ကို မရင်းနှီးမမြှုပ်နှံတော့ဘဲနဲ့ တခြားဘက်ကို ရင်းနှီးမြှုပ်နှံသွားမယ်၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့သူတွေလည်း မလာဘူးဆိုရင် အလုပ်သမားတွေပဲ အလုပ်လက်မဲ့ဖြစ်မယ်။ အလုပ်လက်မဲ့ဖြစ်ပြီးလို့ရှိရင် သူက ဘာဖြစ်လဲဆိုရင် နောက်ဆုံး ရွှေ့ပြောင်းလုပ်သား ပြန်ဖြစ်သွားမှာပေါ့ဗျာ။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ရမယ့်အဆင့်ဖြစ်သွားမယ်။ ဆိုတော့ ကျနော်တို့က ပြည်တွင်းမှာ အလုပ်ရှင်တွေလည်း ရှင်သန်နိုင်မယ့်ဟာပေါ့ဗျာ။ အဲဒါကြောင့်မို့လည်း Survey ကောက်တဲ့အခါမှာ အလုပ်ရှင် မဖြစ်မနေပါဝင်ဖို့ ကျနော်တို့လည်း တိုက်တွန်းနေတာပေါ့။” အနိမ့်ဆုံးလုပ်အားခက ထိုင်းမှာလည်း တခါတည်း တရက်ဘတ် ၃၀၀ နှုန်းနဲ့ ပေးဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ နယ်စပ် မဲဆောက်နဲ့ မြို့တော်ဘန်ကောက်တောင် အရင်က ဈေးသတ်မှတ်တာ မတူဘူး။ ၁၅၀၊ ၂၀၀ စသဖြင့် ကွာခြားတယ်။ အဲဒီနှုန်းထားကနေ တဖြည်းဖြည်းတက်ပေးခဲ့တာ တွေ့ရတယ်။ လက်ရှိမှာ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ပြဋ္ဌာန်းရေးက မြန်မာအလုပ်သမားတွေ အတွက် ဘယ်လောက်အရေးပါသလဲ။ “အနိမ့်ဆုံးလုပ်အားခက ဘယ်လောက်အရေးပါသလဲဆိုရင် ကျနော်တို့က အခုဗျာ စက်မှုဇုန်တွေ မှာ လစာပေးစကေးကို ကြည့်လိုက်ရင် သိသာတယ်။ စက်ရုံတွေမှာ ပေးတဲ့လစာစကေးက အခြေခံလစာပေါ့ဗျာ (ကျပ် ၃ သောင်း) ထက် မပိုသေးဘူး။ အဲဒီတော့ အခြေခံလစာက ဘာကို သွားထိခိုက်နေလဲဆိုတော့ အချိန်ပိုကြေး (OT ကြေး) ကိုထိတယ်။ တကယ့်တကယ်ရနေတာက ၈ သောင်း၊ ၉ သောင်း လောက်ရှိတယ်။ စက်မှုဇုန်ထဲမှာ အခုရနေတဲ့ လစာ ၈ သောင်း၊ ၉ သောင်း၊ ၁ သိန်း ၂ သောင်း၊ ၁ သိန်းခွဲ အဲဒီဝန်းကျင် ရနေကြတယ်။ သို့ပေမယ့်လည်း အခြေခံလစာက ၃ သောင်း ဆိုတော့ အိုတီ (အချိန်ပိုကြေး) တွက်တဲ့နေရာမှာ အများကြီး လျော့သွားရော။ ဆိုတော့ အနိမ့်ဆုံးလုပ်ခလစာ ထွက်လာမယ်ဆိုရင် အိုတီ မြင့်သွားမှာပေါ့ဗျာ။ အရင်တုန်းက သူတို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ခွဲပြီးတော့မှ ခေါင်းပုံဖြတ်တဲ့ကိစ္စတွေ မရှိတော့ဘူးပေါ့ဗျာ။ ကျနော်သိရသလောက်တော့ နိုင်ငံတကာမှာ လစာအပေါင်း အိုတီ (အချိန်ပိုကြေး) အဲဒါပဲရှိတာလေ။ အခု ဒီမှာက လစာအပေါင်း ထောက်ပံ့ကြေး အပေါင်း ရှားပါးစရိတ် အပေါင်း ရက်မှန်ကြေး အပေါင်း ဘောနပ် အဲဒါတွေ အကုန်ပေါင်းမှ ၁ သိန်း ၀န်းကျင်လောက်ရတာပေါ့ဗျာ။ ဆိုတော့ကာ အနိမ့်ဆုံးလုပ်ခလစာသာ ထွက်လာမယ်ဆိုရင် အလုပ်သမားတွေ မှန်မှန်ကန်ကန်နဲ့ အိုတီကြေးလေးတွေ မှန်မှန်ကန်ကန်ရလိမ့်မယ်လို့ ကျနော်တို့က ယူဆထားတာပါ။” ရန်ကုန်မှာ အထည်ချုပ်လုပ်ငန်းက အမျိုးသား အမျိုးသမီးလုပ်သားတွေ သူတို့ အိမ်ခန်းငှားခ ဈေးကြီးတယ်။ စားရေးသောက်ရေး ဈေးကြီးတာ တွေ့ရတယ်ဆိုတော့ ဒီအနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်မှုကနေ သူတို့ရဲ့ လူနေမှုဘ၀တွေကို ဘယ်လိုတွန်းတင်ပေးနိုင်မယ်လို့ မျှော်လင့်သလဲ။ “အခု Survey ကောက်တဲ့အခါမှာ အဲဒီ အိမ်ငှားခတွေပါ တခါတည်း ထည့်သွင်းကောက်ကြ မှာလေ။ ဆိုတော့ အနိမ့်ဆုံးလုပ်ခလစာထွက်လာမယ်ဆိုရင် ကျနော်တို့ အခုပြောနေတဲ့၊ တောင်းနေတဲ့ စားဝတ်နေရေးဖူလုံမှုပေါ့ဗျာ။ စား၊ ၀တ်၊ နေပေါ့ဗျာ ဖူလုံဖို့ဆိုတာက အနေစရိတ်ပါပါပေါ့။ အကယ်လို့ ကျနော်တို့ ပြောတဲ့အနိမ့်ဆုံးလုပ်ခလစာဟာ စားဝတ်နေရေး ဖူလုံတဲ့ အတိုင်းအတာကနေ သူတို့ စဉ်းစားမယ်ဆိုရင် ဒီအနိမ့်ဆုံးလုပ်ခလစာ ထွက်လာပြီးလို့ ရှိရင် အဲဒါလေးတော့ ပြေလည်သွားလိမ့်မယ်ပေါ့ဗျာ။ အခုလို ၈ ပေ ပတ်လည်ခန်းမှာ လေး၊ ငါး၊ ခြောက်ယောက်လောက် ကြပ်သိပ်ပြီးတော့နေတဲ့ ဒုက္ခလေးကနေလည်း လွတ်ကင်း သွားနိုင်တယ် လို့တော့ မျှော်လင့်တာပေါ့။” အမျိုးသားအဆင့်အကောင်အထည်ဖော်တယ်ဆိုတော့ ပြည်ပမှာ အလုပ်ထွက်လုပ်နေကြတဲ့ မြန်မာ ခြောက်သန်းလောက်ကို ပြန်လည်စွဲဆောင်ဖို့ ဘာတွေ ပြင်ထားလဲ။ “အဲဒါကတော့ ကျနော်တို့ကတော့ အစိုးရကို တိုက်တွန်းဖို့ပဲ ပြင်ဆင်ထားတာပေါ့။ အမှန်ဆိုရင် အလုပ်သမားတွေပြန်လာဖို့ဆိုရင် ပြည်တွင်း အလုပ်အကိုင်ကောင်းဖို့ အရေးကြီးတယ်။ အလုပ်ခွင်ပေါများဖို့လိုတယ်။ ပထမ အစိုးရက အလုပ်ခွင်ပေါများအောင် ရင်းနှီးမြှုပ်နှံမှုကို သူတို့ ဖိတ်ခေါ်ပေးရလိမ့်မယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ်၊ ဒါပေမယ့် ဟိုလိုမျိုး သယံဇာတထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲနဲ့ ကုန်ထုတ်လုပ်မှုကိုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ဖို့ ကျနော်တို့က တိုက်တွန်းသွားမှာပေါ့ဗျာ။ အခုလည်း တိုက်တွန်းနေသလို နောင်လည်း တောက်လျောက် တိုက်တွန်းသွားမယ်။ ပြီးတော့ အဲဒီရဲ့နောက်ဆက်တွဲက ဘာပြဿ နာရှိလာသလဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာဖို့၊ မလာဖို့က သူက (၁) နိုင်ငံရေးတည်ငြိမ်ဖို့လိုတယ်။ သူများလာပြီးရင်းနှီးမြှုပ်နှံတဲ့ဟာက ဒေါ်လာ ဘီလီယံ ချီပြီးတော့ လာပြီးရင်းနှီးမြှုပ်နှံကြတာ။ ဆိုတော့ နိုင်ငံရေးက အခုတမျိုး၊ တော်ကြာတမျိုး ပြောင်းနေမယ်ဆိုရင် သူတို့ကလည်း စိတ်မချဘူးပေါ့ဗျာ လာရတာ။ ဒါကတချက်။ နောက်တခုက လျှပ်စစ်မီးလုံလောက်အောင် ဖြေရှင်းပေးဖို့လည်း လိုအပ်တယ်။ လျှပ်စစ်မီးက မလုံလောက်ဘဲနဲ့ စက်ရုံကြီးကြီးမားမားလည်း လုပ်လို့မရဘူး။ ဂျင်နရေတာ အင်ဂျင်နဲ့က မီးပေးဖို့က မလောက်ဘူး။ ဆိုတော့ လျှပ်စစ်မီးပြဿ နာကို ဖြေရှင်းပေးဖို့လိုအပ်တယ်။ အဲဒါလည်း အခု တိုက်တွန်းနေပါတယ်။ နောက်တခုက မြေဈေးကြီးတဲ့ ပြဿ နာတွေလည်း အစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်။ အခု ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်နေပြီဆိုတဲ့ဟာတွေလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့။ သူတို့ ဟိုလူ့ပေးလိုက်တယ်၊ ဟိုလူက အကြောင်းအမျိုးမျိုးပြပြီး ကြန့်ကြာနေအောင်လုပ်တယ်။ အဲလိုမျိုးတွေမဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်မှ အလုပ်ခွင်တွေ အများကြီးပေါ်လာမှာ။ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ လူတွေဟာ ပြည်တွင်းပြန်လာနိုင်ခြေရှိတာပေါ့ဗျာ။” အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးကို ဆောင်ရွက်နေတာ ၁ နှစ်ကျော်ကာလမှာ အလုပ်ရှင် ကိုယ်စားလှယ်တွေက သူတို့ အလုပ်ရှင်တွေအတွက် ဘာတွေ စိုးရိမ်ပူပန်တာတွေရှိလဲ။ အနိမ့်ဆုံးလစာပေးရမယ်ဆိုရင် ဘယ်လိုမျိုး အာမခံချက်တွေလိုတယ်ပြောလဲ။ “အလုပ်ရှင်ကိုယ်စားလှယ်ဆို ဒေါ်ခိုင်ခိုင်နွယ်ပေါ့ဗျာ။ UMFCCI (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ရဲ့ တွဲဖက်အတွင်းရေးမှူးပေါ့။ သူက အလုပ်ရှင်ကိုယ်စားလှယ်အနေနဲ့ပါဝင်တယ်။ အဲဒီမှာ သူဆွေးနွေးတာ အများဆုံးပါပဲ။ သူဆွေးနွေးတာကတော့ သူတို့ အလုပ်ရှင်တွေအနေနဲ့လည်း အနိမ့်ဆုံးလုပ်ခလစာကို အမြန်ဆုံး သတ်မှတ်စေချင်နေပြီပေါ့ဗျာ။ မဟုတ်လို့ရှိရင် သူတို့က ဒီ အနိမ့်ဆုံးလုပ်ခလစာနဲ့ပဲ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿ နာ တက်နေတာပေါ့ဗျာ။ ဆိုတော့ သူတို့ကလည်း အမြန်ဆုံး သတ်မှတ်စေချင်တယ်လို့တော့ပြောတယ်။ သို့ပေမယ့်လို့လည်း ဘယ်နည်း၊ ဘယ်ပုံ သတ်မှတ်ပါ၊ ဘယ်နှုန်းသတ်မှတ်ပါဆိုတာတော့ သူတို့ ပြောလေ့မရှိဘူး။” ဒါဆိုအရင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဖွဲ့ ဆုံတွေ့ချိန်မှာ တနိုင်ငံလုံး တိုင်းနဲ့ပြည်နယ် ၁၄ ခုက ၁၀၈ မြို့နယ်မှာ Survey ဆင်းဖို့ ဘယ်တုန်းက ဆုံးဖြတ်တာလဲ။ ဘယ်လောက် ကွာသွားပြီလဲ။ “ဆုံးဖြတ်တာတော့ကြာပြီဗျ၊ ၅ လကျော်ကျော် ၆ လလောက်ရှိပြီ။ ဒါပေမယ့် အခုအချိန်အထိတော့ အကောင်အထည်မဖော်သေးဘူးပေါ့။ အကောင်အထည်မဖော်တာက ဘတ်ဂျက်ပြဿ နာပေါ့ဗျာ။ ဘတ်ဂျက်ပြသနာက Survey ဆင်းမယ်ဆို ဘတ်ဂျက်လိုတယ်။ တတိယအကြိမ် အစည်းအဝေးမှာ ၀န်ကြီး ဦးအေးမြင့်က ပြောသွာတယ်။ ပြည်နယ်နဲ့တိုင်းက ၀န်ကြီးတွေလည်း ပါတယ်လေ ကျနော်တို့ အမျိုးသားကော်မတီထဲမှာ။ သူတို့ကို ကြားဖြတ် ဘတ်ဂျက်ကို တင်ပါဆိုပြီးတော့ ပြောလိုက်တယ်။ ဒါပေမယ့် စတုတ္ထအကြိမ်အစည်းအဝေးကျရော အကုန်လုံး မတင်ဖြစ်ဘူး။ ရန်ကုန်တိုင်းဝန်ကြီးတယောက်ပဲ တင်ထားတာပေါ့ဗျာ။ ဘတ်ဂျက်ကလည်း ကျပြီ။ ကျန် ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေက မတင်ခဲ့ဘူးပေါ့ဗျာ။ ကြားဖြတ်ဘတ်ဂျက်မှာ မတင်ခဲ့ဘူး။ မတင်ခဲ့တော့ သူတို့မှာ ပိုက်ဆံမရှိဘူး။ မရှိတော့ လုပ်လို့ မရဘူးပေါ့ဗျာ။ အဲလိုဖြစ်သွားတယ်။ အမှန်ဆိုရင် ကျနော်တိုက်တွန်းချင်တာက အနိမ့်ဆုံးလုပ်ခလစာက မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ မဟုတ်ရင် အစကတည်းက မပြောပါနဲ့။ အခု လုပ်မယ်လို့ပြောပြီးတဲ့ နောက်ပိုင်းမှာ အင်တိုက်အားတိုက်လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော် သူတို့ကို တိုက်တွန်းချင်တယ်။” ကျနော်တို့က ဒီလ ဒီဇင်ဘာ လလယ်လာက်ဆို အနိမ့်ဆုံးလုပ်ခလစာ ကိန်းဂဏန်း ထွက်လာလိမ့်မယ်ထင်နေတာ။ “မလွယ်လောက်ဘူး ခင်ဗျာ။” အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတရပ်ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုချက် ပြောပြပါ။ “ကျနော်ခုနက ပြောခဲ့သလိုပဲ အနိမ့်ဆုံးလုပ်ခလစာက စောစောကတည်းက မပြောဘူး ဆိုရင်လည်း မပြောဘဲနေ၊ မသတ်မှတ်ဘူးဆိုရင်လည်း မသတ်မှတ်ဘဲနေရင်လည်း ရတဲ့ကိစ္စ ဖြစ်တယ်။ သို့ပေမယ့်လည်း သတ်မှတ်မယ်လို့ ပြောပြီးတဲ့နောက်ပိုင်းမှာ တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုအပ်တယ်။ ပြီးတော့ တာဝန်ခံမှု၊ ဟိုတနေ့က လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက လှိုင်သာယာမှာ ပြောသွားသလို ရဲရဲဝံ့ဝံ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိဖို့လိုအပ်နေပြီ။ အဲဒါကို အလုပ်သမားဝန်ကြီးရော၊ နောက်ပြီးတော့ အမျိုးသားကော်မတီမှာ ပါဝင်တဲ့ တခြားကိုယ်စားလှယ်တွေရောပေါ့ဗျာ ရဲရဲဝံ့ဝံ့နဲ့ တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုအပ်ပြီလို့ ကျနော် အဲဒါလေး ပြောချင်တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up