၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာမှာ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၅ ထောင်နီးပါး ပင်လယ်ပြင် ဒါမှမဟုတ် ကန္တာရနဲ့ တောတောင်တွေထဲမှာ သေဆုံးခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ အခြေစိုက် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက် ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂ ဆ များလာတာ ဖြစ်ကြောင်းနဲ့ သေဆုံးသူအရေအတွက် အများဆုံးနှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်ထဲ သေဆုံးသွားခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ပေါင်း ၄,၈၆၈ ဦးထဲမှာ မြေထဲပင်လယ်ထဲ လှေမှောက်သေဆုံးသူပေါင်း ၃၂၂၄ ဦး၊ ဘင်္ဂလားပင်လယ်အော်မှာ ၅၄၀ ဦးနဲ့ မက္ကစီကိုနဲ့ အမေရိကန်အကြား နယ်စပ်ကိုဖြတ်ကူးဖို့ ကြိုးစားရင်း သေဆုံးခဲ့သူပေါင်း ၃၀၇ ဦး ရှိတယ်လို့ ဆိုပါတယ်။
အာဖရိက ဦးချိုဒေသမှာ လူပေါင်း ၂၆၅ ဦး၊ အရှေ့အာဖရိကမှာ ၂၅၁ ဦး သေဆုံးပြီး အရှေ့တောင်အာရှဒေသမှာတော့ သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၇၄ ဦး ရှိ တယ်လို့ ဆိုပါတယ်။
အိုင်အိုအမ် ညွှန်ကြားရေးမှူးချုပ် ၀ီလျံလူစီဆွင်းကတော့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့နဲ့ လူမှောင်ခိုကူးသူတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ နိုင်ငံအစိုးရတွေကို တောင်းဆိုထားပါတယ်။
ကမ္ဘာမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် စုစုပေါင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ဒသမ၂ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃၂ သန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။