သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က လူ ၃ ယောက် သေဆုံးခဲ့ရတဲ့ ကော်ဖီဆိုင်စီးနင်းမှုဖြစ်ပွားရာ နေရာအနီး ဘုရားကျောင်းမှာ ပြည်သူတွေက သေဆုံးသူတွေကို လေးစားတဲ့အနေနဲ့ ထောင်သောင်းချီတဲ့ ပန်းစည်းတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာချနေဆဲ ဖြစ်ပါတယ်။

တကယ့်ဝမ်းနည်းစရာ ဖြစ်ရပ်ဖြစ်ပေမယ့် လူတိုင်းအတူစည်းလုံးသွားတာကို မြင်ရတာ သိပ်ကောင်းတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ အလုပ်လုပ်သူ အီမလီ ဖန်းက ပြောပါတယ်။
ကော်ဖီဆိုင်အတွင်း စီးနင်းမှု ၁၆ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်အစောပိုင်းက ရဲတွေကဆိုင်ကို ပြန်စီးခဲ့လို့ အသက် ၃၀ ကျော်အရွယ် ဓားစာခံ ၂ ယောက်နဲ့ ပြန်ပေးသမားတို့ သေဆုံးခဲ့ပါတယ်။ အဖြစ်အပျက်က အိမ်နဲ့သိပ်နီးလို့ လူတိုင်းတကယ်ဖြစ်သွားနိုင်တယ် လို့ အခင်းဖြစ်ရာနားမှာ နေတဲ့ ဘဏ္ဍာရေးလုပ်သား ဂျူလီယန် စာဟာက ပြောပါတယ်။
ပြန်ပေးသမား မန် ဟာရွန် မိုနစ်စ်ဟာ ၂၀၀၁ ခုနှစ်က အီရန်ကလာပြီး သြစတြေးလျမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့တဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်လို့ သူ့ကိုယ်သူ ကြေညာထားသူပါ။
သူဟာ လူသတ်မှုနဲ့ လိင်ပိုင်းကျူးလွန်မှု ဒါဇင်နဲ့ချီပြီးကျူးလွန်ကြောင်း တရားစွဲခံထားရပြီး အာမခံနဲ့ လွတ်မြောက်နေသူ ဖြစ်ပါတယ်။