လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အီတလီရေတပ်သားက ဆေးကုသခံဖို့ မိခင်နိုင်ငံမှာ ၄ လ ပိုနေခွင့် အသနားခံမှုကို အိန္ဒိယထိပ်တန်းတရားရုံးက မနေ့က ပယ်ချလိုက်ပါတယ်။

၂၀၁၂ ခုနှစ်က ငါးဖမ်းသမား ၂ ဦးကို ပင်လယ်ဓားပြတွေထင်ပြီး မှားယွင်းပစ်ခတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အီတလီ ရေတပ်သား ၂ ဦးထဲက တဦးဖြစ်တဲ့ မက်စီမီလျာနို လတ်တိုရေဟာ သြဂုတ်လက လေဖြတ်ခဲ့တာပါ။
ဒီမတော်တဆမှုကြောင့် အိန္ဒိယနဲ့ အီတလီအစိုးရတွေကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
ဒုတိယ အီတလီ ရေတပ်သားက ခရစ္စမတ်ပွဲတော်အတွက် အီတလီကို ပြန်ခွင့်အသနားခံလွှာကိုလည်း အိန္ဒိယ တရားသူကြီးချုပ်က ပယ်ချခဲ့ပါတယ်။
တရားရုံးချုပ်ဟာ လတ်တိုရေကို စက်တင်ဘာလက ဆေးကုသခံဖို့ လေးလတာ အီတလီကို ပြန်ခွင့်ပြုခဲ့ပါတယ်။ သူက နှလုံးခွဲစိတ်ကုသခံဖို့အချိန်ကို ၂ ဆတိုးခွင့် အသနားခံခဲ့တာပါ။
ပုဂ္ဂလိကပိုင် ကုန်သင်္ဘောကို ကာကွယ်နေတဲ့ စစ်တပ်လုံခြုံရေးအဖွဲ့ဝင် ရေတပ်သားတွေက ကယ်ရာလာပြည်နယ် ကမ်းလွန်မှာ ငါးဖမ်းသမားတွေကို ပင်လယ်ဓားပြတွေလို့ထင်ပြီး ခြောက်လှန့်ပစ်ခတ်မိတာလို့ ပြောပါတယ်။
နိုင်ငံတကာဖိအားတွေကြောင့် အိန္ဒိယအစိုးရက ရေတပ်သားတွေကို ပြင်းထန်တဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး ဥပဒေသစ်အောက်က တရားစွဲမယ့် စီမံကိန်းကို ပယ်ချလိုက်ရပါတယ်။
အီတလီအစိုးရကတော့ မတော်တဆမှုက နိုင်ငံတကာရေ ပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့ပြီး တရားစီရင်မှုက အီတလီဥပဒေနဲ့ ဖြစ်သင့်တယ်လို့ ပြောပါတယ်။
၂၀၁၂ ဧပြီမှာ အီတလီအစိုးရက ပစ်ခတ်ခံ အိန္ဒိယ ရေလုပ်သားတွေရဲ့ မိသားစုတွေကို လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ၉ သောင်းစီ ပေးခဲ့ပါတယ်။
ဒါကြောင့် မိသားစုတွေက ရေတပ်သားတွေ စွဲဆိုထားတဲ့ အမှုတွေကို ကျေအေးပေးခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအမှုကတော့ မဆုံးဖြတ်ရသေးပါဘူး။