တရုတ်နဲ့ကနေဒါတို့ဟာ စီးပွားရေးရာဇဝတ်သားတွေလို့ သံသယရှိသူတွေဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ တရုတ်ကို ပြန်လွှဲရေး သဘောတူညီချက် လက်မှတ်ထိုးတော့မယ်လို့ ချိုင်းနား ဒေးလီး သတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်နေ့က ဖော်ပြပါတယ်။

ဘယ်တိုင်းပြည်မှာမှ အကျင့်ပျက်သူအတွက် ဥပဒေကနေ တိမ်းရှောင်ခိုလှုံဖို့ ကောင်းကင်ဘုံ မဟုတ်ဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။
အကျင့်ပျက်လာဘ်စားတဲ့ အရာရှိတွေက ငွေမည်းတွေနဲ့အတူ နိုင်ငံခြားကို ထွက်ပြေးနေ တာကို နှိမ်နင်းရေး လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။
သဘောတူညီချက်ထဲမှာ ကနေဒါကို ထွက်ပြေးလာတဲ့ အကျင့်ပျက်လာဘ်စားမှုမှာ ပါဝင်တဲ့သူတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးမယ့်အချက် ပါတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးက ချိုင်းနားဒေးလီးနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချင်ဂံက တရုတ်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကနေဒါနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆန္ဒရှိတယ်လို့ ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ဒီလအစောပိုင်းက ပြင်သစ်ကလည်း ပြင်သစ်မြေပေါ်ခြေချလာတဲ့ အဂတိလိုက်စားမှုနဲ့ သံသယရှိသူတွေကို နှိမ်နင်းရေးအတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အကျဉ်းသားတွေကို မူရင်းနိုင်ငံကို ပြန်လွှဲပေးရေး နိုင်ငံပေါင်း ၃၉ နိုင်ငံနဲ့ သဘောတူထားပေမယ့် ကနေဒါနဲ့ အမေရိကန်တို့ မပါလို့ စီးပွားရေး ဝရမ်းပြေးတွေရဲ့ အကြိုက်ဆုံး ကောင်းကင်ဘုံ ဖြစ်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်အစိုးရဟာ အဂတိလိုက်စားမှုနဲ့ သံသယရှိတဲ့ လူအယောက် ၁၀၀ ကျော်ကို နှိမ်နင်းရေးကူညီဖို့ အမေရိကန်အစိုးရကို ဒီလထဲမှာ အကူအညီ တောင်းခဲ့ပါသေးတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်ဟာ အကျင့်ပျက်လာဘ်စားတဲ့ အရာရှိတွေနဲ့ စီးပွားရေးအမှုဆောင်တွေနဲ့ နိုင်ငံပြင်ပကို သယ်ထုတ်သွားတဲ့ ပိုင်ဆိုင်မှုတွေအတွက် မြေခွေးကို အမဲလိုက်ခြင်းလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ နှိမ်နင်းဖို့ ကတိပြုထားပါတယ်။
ဒီလှုပ်ရှားမှုအတွင်း အောက်တိုဘာလကုန်ထိ နိုင်ငံခြားမှာ ဖမ်းမိတဲ့ တရုတ်သံသယရှိသူ အနည်းဆုံး ၄၂၈ ယောက်ရှိတယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ အဂတိလိုက်စားမှုတို်က်ဖျက်ရေး လှုပ်ရှားမှုအတွင်း ယင်ကောင်တွေသာမက ကျားပျံတွေကိုပါ နှိမ်နင်းမယ်လို့ ကတိပြုထားပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ္ဍာရေး ဂုဏ်သိက္ခာ အုပ်စုက ၂၀၀၂ ခုနှစ် ကနေ ၂၀၁၁ အတွင်း တရုတ်နိုင်ငံတွင်းကနေ တရားမဝင် စီးထွက်လာတဲ့ငွေ အမေရိကန် ဒေါ်လာ ၁.၀၈ ထရီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။