ရှမ်းပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်၊ လားရှိုးနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် သေဆုံးမှုမှာ တရုတ်နိုင်ငံသား ၃ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
[caption id="attachment_73974" align="alignright" width="403"]

ရှမ်းပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်၊ လားရှိုးနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်[/caption]
တရုတ်နိုင်ငံ ရွှေလီမှုခင်းရဲတပ်ဖွဲ့နဲ့ မြန်မာမှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူသတ်တရားခံကို ဖမ်းမိခဲ့တာလို့ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ဖေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဘက်က ပေးပို့တဲ့ အထောက်အထားနဲ့ တရုတ်နိုင်ငံ ရွှေလီမှုခင်း ရဲတပ်ဖွဲ့ ဘက်က စစ်ကြောချက်အရ လားရှိုးမြို့ ရွိုင်ရယ်ဂရောင်းဟိုတယ်မှာ လာတည်းသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးဟာ တရားခံဖြစ်ကြောင်း အမှုမှန်ပေါ်ပေါက်သွားပါတယ်ခင်ဗျ။ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုပါ။ သူတို့ဟာ တရုတ်နိုင်ငံသားလည်းဖြစ်သလို ဖမ်းမိတာက လည်း တရုတ်ဘက်ခြမ်းမှာ ဖြစ်တဲ့အတွက် တရုတ်ရဲတပ်ဖွဲ့က အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးသူက ကျနော်တို့ မြန်မာနိုင်ငံသားဖြစ်နေတော့ ကျနော်တို့ နိုင်ငံရဲ့ ဥပဒေနဲ့လည်း အရေးယူလို့ရအောင် အမှုတွဲတည်ဆောက်နေပါ တယ်”လို့ ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက် ၁၂ မှာနေထိုင်သူ ဦးမျိုးမြင့် (အသက် ၅၅ နှစ်)ဟာ ဟက်ပီးတိုမ်း ကစားရုံပိုင်ရှင်ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ရာမှာ သူ့ရဲ့အလောင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီခရိုင် ၀မ်တိန်တံတား ပေါ် ဖြတ်သွားတဲ့ ယာဉ်တစီးပေါ်ကနေ တွေ့ရှိခဲ့တာပါ။
တာဝန်ရှိရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဦးမျိုးမြင့်ဟာ မသေဆုံးခင် တရုတ်နိုင်ငံသား ၃ ဦးက သူတို့နဲ့ ရွှေလုပ်ငန်းရှယ်ယာဝင်ဖို့ ပြောဆိုခဲ့ကြောင်း၊ အဲဒီ လူ ၃ ဦးဟာ ဦးမျိုးမြင့်ရဲ့ ညီဖြစ်သူနဲ့လည်း သတ္တုသန့်စင်လုပ်ငန်းတွေ ဖက်စပ်လုပ်ကိုင်ခဲ့ရာမှာ လုပ်ငန်းမအောင်မြင်လို့ သူတို့ကို တရုတ်ငွေ ၂ သိန်းပေးလျော်ခဲ့ပေမယ့် နောက်ထပ်လာတောင်းတာတွေရှိကြောင်း၊ သူက ထပ်မပေးနိုင်တော့တဲ့အတွက် ပြန်ပေးဆွဲခံရတဲ့ သဘောလို့ ဒုရဲမှူး တင်ဖေ၀င်းက ပြောပါတယ်။
ကစားရုံကနေ အိမ်ကိုအပြန် လမ်းမှာပျောက်ဆုံးသွားတဲ့ဦးမျိုးမြင့်ကို လူပျောက် တိုင်တန်းချက်အရ သူ့ရဲ့မော်တော်ကား သွားရာလမ်းတလျှောက်ကို စီစီတီဗွီ ကင်မရာကနေ ရှာဖွေရာမှာ လားရှိုးမြို့အတွက် မန့်နားရွာ လမ်းကြားထဲမှာ ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ကြောင်း၊ ဒါဟာ သာမန်ပျောက်ဆုံးမှုမဟုတ်တဲ့အတွက် သူ့ဓာတ်ပုံကို ရဲဌာန အသီးဆီပေးပို့ တိုင်ကြားခဲ့တယ်လို့ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ကွယ်လွန်သူ ဦးမျိုးမြင့်ရဲ့အလောင်းကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မူဆယ်မြို့မှာဘဲ သင်္ဂြိုဟ်ခဲ့ပြီး သူ့အရိုးပြာကို ကျန်ရစ်သူမိသားစုက လားရှိုးပြန်သယ်ခဲ့တယ်လို့ သိရ ပါတယ်။
ဦးမျိုးမြင့်ဟာ တရုတ်မြန်မာကပြားဖြစ်ပြီး ဒုရဲအုပ်ဟောင်း တစ်ဦးဖြစ်ကြောင်း၊ လက်ရှိ နာရေးကူညီမှုအသင်းဥက္ကဋ္ဌအပြင် ရှမ်းပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်တယ်လို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။