ပါရီမြို့ တက္ကစီသမားများ အူဘား တက္ကစီဝန်ဆောင်မှုကို သပိတ်မှောက် ဆန္ဒပြ

853
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က တက္ကစီသမားတွေ မနေ့က အူဘား (Uber) တက္ကစီဝန်ဆောင်မှုကို တရက်တာ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ အင်တာနက်တို့ စမတ်ဖုန်းတို့ကနေ တိုက်ရိုက် တက္ကစီငှားရမ်းနိုင်တာကြောင့် ပုံမှန်တက္ကစီမောင်းသမားတွေရဲ့ စီးပွားရေးကို ထိခိုက်လို့ အခုလို သပိတ်မှောက်ခဲ့တာပါ။
တက္ကစီအစီး ၆၀ လောက် အော်လေ လေဆိပ်ကနေ ပါရီမြို့ထဲကို မောင်းပြီးဆန္ဒပြခဲ့ကြတာပါ။ ပြင်သစ်နိုင်ငံကလည်း အူဘား တက္ကစီဝန်ဆောင်မှုကို ဇန်န၀ါရီ ၁ ရက်နေ့စပြီး ပိတ်ပင်တော့ မှာဖြစ်ပါတယ်။
ဆန္ဒပြ တက္ကစီမောင်းသမားတဦးက “ကားငှားစီးသူတွေရဲ့ လုံခြုံရေးက အရေးကြီးဆုံးပါ။ စည်းမျဉ်း၊ စည်းကမ်းတွေကို လေးစားလိုက်နာရမယ်။ အခုတော့ ဒါတွေက မရှိတော့သလောက် ဖြစ်နေပြီ”လို့ ပြောဆိုခဲ့ပါတယ်။
အူဘား တက္ကစီဝန်ဆောင်မှုဟာ ၂၀၀၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်ခဲ့တာပါ။ အင်တာနက်ကနေ တိုက်ရိုက်ငှားရမ်းနိုင်တဲ့ စနစ်ဖြစ်တာကြောင့် တရားဝင်မှတ်ပုံတင်တဲ့ ကားရော၊ မတင်တဲ့ကားတွေရော ပုံမှန်တက္ကစီတွေထက် ဈေးလျော့ပြီး ဆွဲကြတာပါ။ ဒါကြောင့် ပုံမှန်တက္ကစီဝန်ဆောင်မှုတွေကို ထိခိုက်လာပါတယ်။
အခုလည်း ပါရီမြို့တော်က ပုံမှန်တက္ကစီဝန်ဆောင်မှု ပေးနေသူတွေက အူဘား ၀န်ဆောင်မှုကို သပိတ်မှောက်ဆန္ဒပြရခဲ့ကြတာ ဖြစ်ပါတယ်။