
ဆစ်ဒနီမြို့မှာ လတ်တလောဖြစ်ပွားနေတဲ့ ဓားစာခံဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် တိုနီအာဘတ် တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အစိုးရအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့က ဓားစာခံဖမ်းဆီးမှုကို ကိုင်တွယ်နေပါတယ်။ အခုအချိန်အထိ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် နိုင်ငံရေးရည်ရွယ်ချက်ရှိတယ် ဆိုတာတချို့ကို တွေ့ရပါတယ်။
သြစတြေးလျလို နိုင်ငံမျိုးမှာတောင် လူထုကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်သူတွေ ရှိတယ်ဆိုတာကို သိလိုက်ရပြီဖြစ်တာကြောင့် သြစတြေးလျရဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကောင်းဆုံး ကိုင်တွယ်သွားပါလိမ့်မယ်။
လူထုအထိတ်တလန့်ဖြစ်အောင် နိုင်ငံရေးအရ အကြမ်းဖက်မှုဖြစ်တယ်ဆိုတာ ထင်ရှားပေမယ့် သြစတြေးလျနိုင်ငံကတော့ ငြိမ်းချမ်းတဲ့နိုင်ငံ၊ ရက်ရောတဲ့နိုင်ငံအဖြစ်ကနေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် သြစတြေးလျပြည်သူတွေ ပုံမှန်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ တိုက်တွန်းပါတယ်။
တကယ်တော့ ဒီလုပ်ရပ်ဟာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စဖြစ်တဲ့အတွက် သြစတြေးလျပြည်သူတွေ စိုးရိမ်ပူပန်ကြမယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံထားရတဲ့သူတွေအတွက် အားလုံး ဆုတောင်းပေးကြမယ် လို့ တိုနီအာဘတ်က ပြောဆိုသွားပါတယ်။
တချိန်တည်းမှာ သံသယဖြစ်ဖွယ်ကိစ္စတွေကို တွေ့ရင် အရေးပေါ် တယ်လီဖုန်း နံပါတ်ကို ဆက်သွယ်ဖို့ကိုလည်း ၀န်ကြီးချုပ်က တိုက်တွန်းသွားပါတယ်။
ကော်ဖီဆိုင်ကို ၀င်စီးထားတဲ့ လက်နက်ကိုင်သမားက အနည်းဆုံးတယောက်၊ ဒီထက် ပိုနိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းသလို၊ ကော်ဖီဆိုင်ထဲမှာ ဘယ်နှရောက် ဓားစားခံအဖြစ် အဖမ်းခံထားရသလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
နယ်ခံ ရုပ်မြင်သံကြားသတင်းတွေမှာ အာရဘီ ဘာသာနဲ့ ရေးထားတဲ့ စာပါတဲ့ အဖြူအမဲ အလံကိုလည်း လှမ်းမြင်နေရတာကို ပြသပါတယ်။ ဒီအလံဟာ အီရတ်နဲ့ ဆီရီးယားမှာ တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်အဖွဲ့ရဲ့ အလံနဲ့ ဆင်တူတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်နက်ကိုင် တွေ ၀င်စီးထားတဲ့ ကော်ဖီဆိုင်တ၀ိုက်မှာ ဘဏ်တွေ ရှိသလို၊ နယူးဆောက်ဝေး ပြည်နယ် လွှတ်တော်နဲ့လည်း နီးပါတယ်။ အနီးအနားတ၀ိုက်က လမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပြီး ဒါဇင်နဲ့ ချီတဲ့ ရဲတွေလည်း လက်နက်အပြည့်အစုံနဲ့ ကော်ဖီ ဆိုင်တ၀ိုက်ကို ၀ိုင်းထားပါတယ်။ ဆိုင်တွင်းက အစ္စလာမ် အလံကို ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့သတင်းကို နယူးဆောက်ဝေး ပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုချက် မပေးသေးပေမယ့် အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက် အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
သြစတြေးလျဟာ အိုင်အက် အဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေ၇ိကန်ရဲ့ စစ်ဆင်ရေးကို ထောက်ခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အိုက်အက်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ပြီး ပြည်တော်ပြန်လာတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အန္တရာယ်ကိုလည်း နဂိုကတည်းက တပ်လှန့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။