အစိုးရစစ်တပ်နှင့် ကိုးကန့် တိုက်ပွဲဖြစ် အစိုးရတပ်မှ ၇ ဦးကျဆုံး

ဓာတ်ပုံ - Ministry of Defence's
4.1K
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲမှာ အစိုးရ တပ်မတော် စစ်ကြောင်းက စစ်သည် ၇ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရသွားတယ်လို့ စစ်တပ်နဲ့ အစိုးရပိုင် မီဒီယာ တွေမှာ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
[caption id="attachment_73837" align="alignright" width="509"]
ဓာတ်ပုံ - Ministry of Defence's[/caption]
ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေး ဒေသအတွင်း နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်စစ်ကြောင်းကို ကိုးကန့် လက်ကျန်တပ်တွေက လက်နက်ကြီးတွေသုံးပြီး အလစ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို သွားရောက်စစ်ကူပေးခဲ့ရပြီး ပိတ်ဆို့ခံရတဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နမ့်ကျွမ်း စစ်ဆင်ရေး ခြေကုပ်စခန်းကို ပြန်လည်ရောက်ရှိ လာ တယ်လို့လည်းဆိုပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားတိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။
ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွမ်းလုံမြို့နယ်ကြား နမ့်ဆလပ်ရွာအနီးမှာ တစ်နာရီကျော် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ်နဲ့ ပူးပေါင်း တိုက်ခိုက်နေတဲ့ တအာင်းတပ်မတော်က ပြောခွင့်ရ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ပွဲမှာ ကိုးကန့်တဖွဲ့တည်း မဟုတ်ပါဘူး။ ကျနော်တို့ တအာင်းနဲ့ ကချင် ပူးပေါင်းတပ်တွေလည်း ပါပါတယ်။ စနေနေ့ နေ့ခင်းပိုင်းကလည်း သိန္နီ နဲ့ ကွမ်းလုံမြို့နယ်ကြား နမ့်ဆလပ်ရွာဘက်မှာ မနက် ၁၁ နာရီကျော်ကနေ ၁၂ နာရီခွဲလောက်ထိ ပစ်ကြတယ်ခင်ဗျ။ အဲဒါကတော့ တောထဲမှာ ၂ ဘက်တပ်တိုးမိတဲ့ ရင်ဆိုင်တိုက်ပွဲပါ။ ကျနော်တို့ဘက် ဒဏ်ရာရသူ မရှိဘူး။ အစိုးရတပ်ဘက်တော့ မသိရပါဘူးခင်ဗျ၊”
မနေ့ကနဲ့ ဒီကနေ့မှာတော့ နှစ်ဘက် ရင်ဆိုင်ပစ်ခတ်မှုတွေ မရှိပေမယ့် နမ့်ဆလပ်ဒေသ ဘက်မှာရော၊ တာမိုးညဲမြို့နယ် သံလွင်မြစ် အနောက်ဘက်ခြမ်းဒေသတွေမှာ ရှိတဲ့ သူတို့တပ်စခန်းနေရာတွေကိုပါ အစိုးရတပ်က အဝေးကနေ လက်နက်ကြီးနဲ့ တစ်နာရီခြား ၂ နာရီကြား တခါလောက် လှမ်းပစ်နေတယ်လို့ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။