အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ မနေ့က အသေခံ ဗုံးခွဲမှုသမားက တိုက်ခိုက်လို့ စစ်သား အနည်းဆုံး ၆ ဦး သေဆုံးသွားပါတယ်။

အသေခံ ဗုံးခွဲသမားဟာ စစ်သားတွေကို တင်ထားတဲ့ လိုင်းကားတစီးရဲ့ တံခါး အပေါက်ဝအရောက်မှာ စနက်တံကို ဖြုတ်ခဲ့တာလို့ ကဘူးလ်မြို့ ရဲမှူးကြီးက ပြောပါတယ်။
အနောက်နိုင်ငံတွေက တပ်ဖွဲ့တွေ ဒီနှစ်ကုန်ပိုင်းမှာ ပြန်ရုပ်သိမ်းခါနီး ဒီရက်သတ္တပတ်တွေ အတွင်းမှာ ကဘူးလ်မြို့မှာ စစ်ကားတွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုတွေ ဆက်တိုက် ဖြစ်နေတာပါ။
ဒီဇင်ဘာ ၁၃ ရက်နေ့ အစောပိုင်းကလည်း တာလီဘန် သူပုန်တွေက အာဖဂန် ဗဟိုတရားရုံးက ထိပ်တန်း အရာရှိတဦးနဲ့ မိုင်းရှင်းတဲ့ တပ်သား ၁၂ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
ဒီနှစ်အတွင်းမှာ တာလီဘန်တွေ သတ်ဖြတ်ခဲ့တဲ့ လုံခြုံရေးတပ်သား အရေအတွက်ဟာ ၂၀၀၁ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲနောက်ပိုင်း အများဆုံး အရေအတွက် ဖြစ်ပါတယ်။
အာဖဂန် ရဲတပ်သားနဲ့ စစ်သား ၅ ထောင်ဝန်းကျင် သေဆုံးခဲ့သလို အရပ်သား ၁၅၀၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။
တာလီဘန်တွေဟာ ၂၀၀၁ စစ်ပွဲပြီးကတည်းက ပြောက်ကျားစစ်ကို ဆင်နွှဲနေပြီး အခုအခါမှာ ကဘူးလ်မြို့ အနီးအနားက ပြည်နယ်တွေမှာ အခိုင်အမာ ခြေကုပ်ယူထားပြီး ဖြစ်ပါတယ်။