ဂျပန်နိုင်ငံမှာ မဲရုံတွေကို ဒီနေ့ မနက် ၇ နာရီအချိန်က စတင်ဖွင့်လှစ်လိုက်ပြီး ပြည်သူတွေ မဲပေးနေကြပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ စီးပွားရေး ပေါ်လစီကို လူထုထောက်ခံမှု ဘယ်အတိုင်းအတာထိ ရှိသလဲဆိုတာကို လူထုဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေ ဒေသစံတော်ချိန် ည ၈ နာရီအချိန်မှာ ကြေညာမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်အာဘေးရဲ့ ပါတီကတော့ ထောက်ခံမှု ပြတ်ပြတ်သားသား ရမယ်လို့ မျှော်လင့်ထားပါတယ်။
ဝန်ကြီးချုပ်အာဘေးဟာ အာဏာရပြီး ၂ နှစ်အကြာမှာ ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
အစောပိုင်းခန့်မှန်းချက်တွေအရ ပါတီက လောလောဆယ် ရရှိထားတဲ့ နေရာတချို့ လက်လွှတ်လိုက်ရဖွယ် ရှိတယ်လို့ ဆိုပေမယ့် မီဒီယာတွေရဲ့ ခန့်မှန်းချက်အရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကပဲ အောက်လွှတ်တော်အမတ်နေရာ ၄၇၅ နေရာထဲက ၃၀၀ ကျော် အနိုင်ရမယ်လို့ ဆိုပါတယ်။
ဒီအတိုင်း ဖြစ်လာရင်တော့ ဒါဟာ ပါတီကို ထူထောင်ထားတဲ့ နှစ်ပေါင်း ၆၀ အတွင်း အကြီးမားဆုံး အောင်ပွဲဖြစ်ဖွယ် ရှိပါတယ်။