ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုနဲ့ မေလမှာ ထိုးဖို့ လိုလားပေမယ့် ထိုးကြေးကိုတော့ ပိုပေးရမယ်လို့ အမေရိကန် လက်ဝှေ့သမား ဖလိုဒ် မေ၀ယ်သာက ပြောဆိုခဲ့ပါတယ်။

အရင်လက ပတ်ကွီရိုက ခရစ္စအယ်ဂျီးရီးယားကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ပရိသတ်အများစုက သူတို့ ၂ ဦး ထိုးသတ်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၃၇ နှစ်အရွယ် မေ၀ယ်သာက ၄၇ ပွဲကို ရှုံးပွဲမရှိထိုးသတ်ခဲ့သလို ကမ္ဘာအဆင့်ရှိ ဆုတဆိပ် ၁၀ ခုလောက်ရရှိထားသူဖြစ်ပါတယ်။
"ထိုးသတ်ချင်တဲ့ ဆန္ဒရှိသလို ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ၊ မေလ ၂ ရက်နေ့မှာ ဖြစ်အောင် လုပ်ပါမယ်” လို့ မေ၀ယ်သာက ပြောပါတယ်။
သူတို့ ၂ ဦးဟာ အချိန်ကြာမြင့်စွာ ပြိုင်ဘက်တွေ ဖြစ်နေခဲ့ပေမယ့် ထိုးသတ်ဖို့ဘယ်တော့မှ အကောင်ထည်ဖော်နိုင်ခြင်းမရှိတဲ့ အတွက် လက်ဝှေ့လောကက စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။
မေ၀ယ်သာက ငွေကြေးဆိုင်ရာ အသေးစိတ်မပြောပေမယ့် ထိုးကြေးကို ပိုမိုရလိုတယ်လို့တော့ အရင်က ပြောဆိုခဲ့ပါတယ်။
ပတ်ကွီရိုကတော့ ၅၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲရှုံး ၂ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။
မေ၀ယ်သာအနေနဲ့ ဘယ်ကိုမှပြေးလို့မရတော့ဘဲ သူနဲ့ ထိုးရတော့မယ်လို့ ပက်ကီယိုက ပြောပါတယ်။
မေ၀ယ်သာကို ဝေဖန်သူတွေကတော့ ပတ်ကွီရိုနဲ့ ထိုးဖို့ ရှောင်နေတာ ဖြစ်ပြီး ငွေကြေး တောင်းဆိုမှုက ပွဲမဖြစ်အောင် တမင်ဖျက်တာလို့ ပြောဆိုပါတယ်။