ဖိလစ်ပိုင်နိုင်ငံက လိင်တူချင်း စိတ်ဝင်စားသူတွေ၊ လိင်ပြောင်းလဲထားသူတွေဟာ လိင်ခွဲခြားမှု ပပျောက်ရေး စည်းရုံးလှုပ်ရှားမှုအနေနဲ့ရော၊ ပုပ်ရဟန်းမင်းကြီးရဲ့ ဖိလစ်ပိုင် ခရီးစဉ်ကို ထောက်ခံတဲ့ အနေနဲ့ရော မနေ့က ချီတက်ခဲ့ကြပါတယ်။

ရောင်စုံ အ၀တ်အစားတွေကို ၀တ်ဆင်ထားတဲ့ LGBT အသိုင်းအ၀ိုင်းဟာ လိင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင်ပြီး လမ်းမကြီးတလျှောက် ချီတက်ခဲ့ကြပါတယ်။
တချို့တွေက ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို ကြိုဆိုတဲ့အကြောင်း ရေးသားထားတဲ့ နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။
LGBT အခွင့်အရေးအတွက် စည်းရုံးလှုပ်ရှားသူတွေက ပုပ်ရဟန်းမင်းကြီးဟာ ခရစ်ယာန် ကက်သလစ် ဘာသာဝင်တွေအတွက် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ဖြစ်မယ်လို့ သူတို့က မျှော်လင့်နေကြတာပါ၊။
ပုပ်ရဟန်းမင်းကြီးဟာ ဖိလစ်ပိုင် ခရီးစဉ်မှာ လိင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ သတင်းစကားကို သယ်ဆောင်လာလိမ့်မယ်လို့လည်း သူတို့က မျှော်လင့်နေကြပါတယ်။
ဖိလစ်ပိုင်မှာ လူဦးရေ သန်း ၁၀၀ ရှိပြီး ၈၀ ရာခိုင်နှုန်းဟာ ကက်သလစ် ဘာသာဝင်တွေ ဖြစ်ပါတယ်။
ဖိလစ်ပိုင်က ကက်သလစ်ကျောင်းတော်ဟာ လိင်တူထိမ်းမြားလက်ထပ်ခြင်းကို အသိအမှတ်မပြုသလို၊ ဒီလို ထိမ်းမြားတာကို တရားဝင်ဖြစ်စေမယ့် ဥပဒေကိုလည်း ကန့်ကွက်နေပါတယ်။