အီတလီတွင် ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ ပဋိပက္ခဖြစ်

956
အီတလီနိုင်ငံ မီလန်မြို့မှာ ရဲအဖွဲ့နဲ့ ဆန္ဒပြသမားတွေ ဒီဇင်ဘာ ၁၂ ရက်နေ့က ပဋိပက္ခဖြစ်ခဲ့ပါတယ်။
တပြည်လုံး အတိုင်းအတာ အထွေထွေသပိတ်ကို အီတလီ အလုပ်သမား သမဂ္ဂ နှစ်ခုက ဦးဆောင်စီစဉ်တာဖြစ်ပြီး ကုမ္ပဏီတွေက အလုပ်သမားတွေကို အလွယ်တကူ ဖြုတ်နိုင်မယ့် ဥပဒေကို အတည်မပြုဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
ရဲအဖွဲ့က ဆန္ဒပြသမားတွေ အတော်များများကို ဖမ်းဆီးခဲ့ပြီး ရုပ်မြင်သံကြားသတင်းတွေမှာလည်း ရဲနဲ့ ဆန္ဒပြသမားတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ ပုံတွေကို တွေ့ရပါတယ်။
ဒေသခံသတင်းတွေအရ ဆန္ဒပြသမားတွေထဲက ခရစ္စမတ် ဘိုးဘိုး ၀တ်စုံတွေကို ၀တ်ဆင်ထားတဲ့ ကျောင်းသား အယောက် ၂၀ လောက်က နယ်မြေခံ ကောင်စီ ရုံးရဲ့ခြံစည်းရိုးကို ကျော်တက်ဖို့ ကြိုးစားရာကနေ ပြဿ နာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲအဖွဲ့က မျက်ရည်ယို ဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။ ရုတ်ရုတ်သဲသဲ အခြေအနေမှာ ရဲအရာရှိ ၁၁ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ အီတလီ ရုပ်မြင်သံကြား သတင်းတွေက ဆိုပါတယ်။
အီတလီမှာ သုံးနှစ်ဆက်တိုက် စီးပွားရေး ကျဆင်းနေတာကြောင့် အစိုးရက ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ဖို့ ကြိုးစားနေပေမယ့် အလုပ်သမား သမဂ္ဂနဲ့ ဗဟိုလက်ဝဲ ယိမ်း ဒီမိုကရက်တစ်ပါတီတို့က ဆန့်ကျင်တာနဲ့ ရင်ဆိုင်နေပါတယ်။
တိုင်းပြည်ထဲမှာ အလုပ်လက်မဲ့ နှုန်းကလည်း စံချိန်တင် မြင့်တက်နေပြီး လူငယ်အလုပ်လက်မဲ့ နှုန်းကလည်း ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
အစိုးရက အသုံးစရိတ်လျှော့ချတဲ့ နည်းလမ်းနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်မယ်ဆိုရင် စီးပွားရေး ပြန်လည်ဦးမော့လာမှာ မဟုတ်ဘဲ အလုပ်သမားတွေပဲ ပိုပြီး ဒုက္ခရောက်ကြမယ်လို့ အလုပ်သမားသမဂ္ဂတွေက ဝေဖန်နေကြပါတယ်။