Home
မြန်မာသတင်း
အသည်းရောဂါသည်များကို အခမဲ့စမ်းသပ်ကုသပေး
DVB
·
December 13, 2014
ယကနပါလ အသည်းစောင့်ရှောက်မှုအစုဖွဲ့က အသင်းတည်ထောင်တာ ၁ နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ မန္တလေးမြို့မှာ အသည်းရောဂါ ဘီပိုး စီပိုး ရှိသူတွေကို အခမဲ့ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးခဲ့ကြပါတယ်။ ယကနပါလ အသည်းစောင့်ရှောက်မှု အစုဖွဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့်က ဓမ္မသာလခန်းမမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အသည်းရောဂါ ဘီပိုး စီပိုးတွေကို ကူးစက်မှု ထိန်းချုပ်နိင်ဖို့ နဲ့ အခမဲ့ စမ်းသပ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။ ယကနပါလ အသည်းစောင့်ရှောက်မှုအစုအဖွဲ့ စေတနာ့ ဆရာဝန် ဒေါက်တာ ဦးအောင်မင်းက  “မြန်မာနိင်ငံမှာ  အသည်း ဘီပိုး စီပိုး ရောဂါသည်များဟာ တိမ်မြုပ်နေတဲ့ ရောဂါတခုဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ရောဂါတွေကို ရှာဖွေဖော်ထုတ်မှသာလျှင် ကူးစက်မှုကို ထိန်းချုပ်နိင်မှာဖြစ်ပါတယ်။  အဲ့ဒီအပြင် ရောဂါ ဝေဒနာရှင်တွေကို ကြိုတင်သိလိုက်မယ်ဆိုရင် သူတို့ဘဝမှာ သက်တန်းစေ့နေနိင်မယ်လို့ ကျနော်တို့ ကြိုးစားဆောင်ရွက်ပေးနိင်မယ့်အချက် ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအစုဖွဲ့ကနေပြီးတော့  ဘီပိုး စီပိုးတွေကို  အခမဲ့ စစ်ဆေးတာ၊ ရောဂါဖြစ်သူရဲ့ နေထိုင်ပုံတွေကို ပညာပေး အခြေခံကျန်းမာရေး စောင့်ရှောက်မှုဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့ဆီ ရောက်ရှိလာတဲ့  လူနာတွေကို  ကျနော်တို့က  စမ်းသပ်ခ အခမဲ့ ဆောင်ရွက်ပေးပါတယ်” လို့ ပြောပါတယ်။ အသင်းနဲ့ ချိတ်ဆက်ပြီး ပြည်ပမှာ ဆေးသွားကုချင်တဲ့ လူနာတွေအတွက်လည်း ကုန်ကျစရိတ် သက်သာအောင် နိင်ငံတကာ အသင်းဖွဲ့တွေနဲ့ ချိတ်ဆက်ပေးသလို လစဉ်တိုင်းမှာလည်း အခမဲ့ကုသဆောင်ရွက်ပေးတာဖြစ်ပြီး အသင်းကို လာရောက် မကုသနိင်တဲ့ လူနာတွေကိုလည်း အခမဲ့ အိမ်တိုင်ရာရောက် ကုသပေးနေတယ်လို့ ပြောပါတယ်။ “အဲ့ဒီအပြင် ကျနော်တို့နဲ့ ဆက်သွယ်ထားတဲ့ စနစ်တကျ စမ်းသပ်ပေးတဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဆက်သွယ်ပြီး စမ်းသပ်ခတွေကိုလည်း တန်ဖိုးနှုန်း ချိုသာစွာနဲ့ သက်သာစွာရရှိအောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ အဲ့ဒီအပြင် နိင်ငံခြားကို သွားရောက် ကုသခံရမယ့် လူနာများ ဖြစ်ပေါ်လာရင်လည်း ကျနော်တို့က နိင်ငံတကာ အဆင့်အစုဖွဲ့ကြီးတွေနဲ့ ကုန်ကျစရိတ်တွေကို  အသက်သာဆုံးဖြစ်အောင် ကျနော်တို့ ဆက်သွယ်ပြီးတော့ ကုသပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့က အထက်မြန်မာပြည်မှာ မန္တလေးမှာဆိုရင်လည်း လစဉ်အမြဲတမ်း လစဉ် ၄ ရက် လူနာတွေကို အခမဲ့ ကုသပေးနေပါတယ်။ ဒီအပြင် ကျနော်တို့ဆီကို လာရောက်မကုသနိင်တဲ့ လူနာတွေရှိရင်လည်း လူနာတွေက ဖိတ်ခေါ်ရင်လည်း ကျနော်တို့သွားရောက်ကုသ ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။ ခုနှစ်ပတ်လည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းနားမှာ ဘီပိုး စီပိုး အခမဲ့ စစ်ဆေးပေးတာတွေ၊ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ယကနပါလ အသင်းကို မန္တလေးမြို့ လမ်း ၉၀၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာရှိတဲ့ မိုးကောင်းတိုက် မြစိမ်းကျောင်းမှာ ဖွင့်လှစ်ထားပြီး ဆေးဝါတွေကို လစဉ် ၁ လကို ၁ ထောင်နှုန်းနဲ့ လှုဒါန်းနိင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024