Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားအားလုံး တရားဝင်ဖြစ်ရေး ထိုင်း-မြန်မာ ဆွေးနွေး
DVB
·
December 12, 2014
ထိုင်းနိုင်ငံတွင်းမှာ လမ်းကြောင်းအသွယ်သွယ်နဲ့ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို အတတ်နိုင်ဆုံး တရားဝင်အဖြစ် ခန့်ထားရေးအတွက် နှစ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေ  နေပြည်တော်မှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ [caption id="attachment_59446" align="aligncenter" width="538"]မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ် မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ်[/caption] ထိုင်းအစိုးရက ဒီနှစ်ထဲ ယာယီနေထိုင်ခွင့်ကတ်ပြား (ပန်းရောင်ကတ်) တွေ ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၆ သိန်း ၄ သောင်းကျော်ရှိပြီး သူတို့တွေဟာ  နိုင်ငံသားစိစစ်ရေး နဲ့ နိုင်ငံကူးလက်မှတ်တွေ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအလုပ်သမားတွေ နိုင်ငံသားစိစစ်ရေးမှာ အဆင်ပြေဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံး ရွှေ့ပြောင်းအလုပ်သမားဌာနက ကူညီဆောင်ရွက်ပေးနေကြောင်း၊ လုပ်ငန်းထိရောက်စေဖို့  စေတနာဝန်ထမ်းအဖွဲ့တွေနဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့ မြန်မာ အလုပ်သမားဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “အလုပ်သမားတွေ နိုင်ငံသားစိစစ်ပေးနိုင်ဖို့ ကိုယ်စားလှယ် အဖွဲ့ငယ် ၅ ဖွဲ့၊ အဖွဲ့ကြီး ၁၁ ဖွဲ့ဖွဲ့ပြီး လိုက်လံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်ရင်လည်း ထပ်ဖွဲ့မယ်။ ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၇၇ ခုလုံးမှာပါ။ အလုပ်သမားတွေ တနေရာတည်းမှာ စုစုဝေးဝေးရှိနေရင်တော့ အလုပ်မြန်မြန်ပြီးမြောက်မှာ ဖြစ်တယ်။ ၆ သိန်း ၄ သောင်း စာရင်းထဲမှာ မပါတဲ့ လူတွေကတော့ အမ်အိုယူစနစ်နဲ့ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။” ဒီနှစ် ဇွန်လကနေ အောက်တိုဘာလအတွင်း ထိုင်းအစိုးရက နေထိုင်ခွင့်မှတ်ပုံတင် လုပ်ပေးတဲ့အချိန်မှာ လာရောက်မှတ်ပုံမတင်ထားကြတဲ့ လူတွေကတော့ တရားမ၀င် သူတွေဖြစ်ပြီး တရားဝင်အလုပ်လုပ်ဖို့ မိမိနေရင်းနိုင်ငံပြန်လာပြီး အမ်အိုယူ (၂ နိုင်ငံ သဘောတူအလုပ်သမားစေလွှတ်ခြင်းစာချုပ်) စနစ်နဲ့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ညွှန်ချုပ် ဦးမျိုးအောင်က တိုက်တွန်းပါတယ်။ ထိုင်းအစိုးရက တရားဥပဒေချိုးဖောက်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့တဲ့အခါမှာ ပြီးရင်ပြီးရော ပြန်ပို့တာမျိုးလက်မခံဘဲ ပို့မယ်ဆိုရင် မြန်မာဘက်က အာဏာပိုင်ကို ကြိုတင်အကြောင်းကြားဖို့၊ မိမိနိုင်ငံသားတွေ ပြန်လွှဲမယ့်အချိန်၊ နေရာ နဲ့ စာရင်းပါ ပို့ထားပေးဖို့၊ မြန်မာအာဏာပိုင်တွေကလည်း အဲဒီလူတွေဟာ မိမိနိုင်ငံသားအစစ် ဟုတ်မဟုတ် လိုအပ်ရင် ပြန်လည်စစ်ဆေးမယ့်အကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ဦးမျိုးအောင်က ဆက်ပြောပါတယ်။ ထိုင်းအလုပ်သမား ဒုညွှန်မှူး နိုင်းထိရဖုန်း ခွန်မိုင်းကလည်း ထိုင်းမှာ ယာယီနေထိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရထားသူတွေအနေနဲ့ သက်ဆိုင်ရာ နယ်စပ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းတွေမှာ သွားရောက်ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ ခရီးသွားရာမှာ အဖမ်းအဆီးမလုပ်ဖို့ ညွှန်ကြားထားကြောင်း၊ ဖမ်းဆီးမှု ဒါမှမဟုတ် အခက်အခဲရှိပါက အရေးပေါ်ဖုန်းလိုင်း ၁၁၇၈ ကို ဆက်သွယ်ဖို့ ပြောကြားသွားပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ၄  နှစ်သက်တမ်းပြည့် အလုပ်သမားအရေး၊ ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ပြုတာနဲ့ ၀န်ဆောင်မှုပေးတာ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်တာ၊  ငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတွေကိစ္စ၊ လူမှုဖူလှုံရေးအာမခံ နဲ့ အခြေခံရပိုင်ခွင့်တွေ၊  အမ်အိုယူခေါ်  နှစ်နိုင်ငံ အလုပ်သမား ခန့်ထားရေးဆိုင်ရာ သဘောတူချက်စာချွန်လွှာ ကို ပြင်ဆင်မွမ်းမံတာ၊ အလုပ်သမားတွေ စေလွှတ်ခန့်ထားတာ၊ ဥပဒေချိုးဖောက်တဲ့ မြန်မာအလုပ်သမားတွေ ပြန်ပို့တာ စတဲ့ အကြောင်းအရာ ၈ ခုကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နဲ့ ၁၂ ရက်နေ့က နေပြည်တော် ဂရင်းအမရာဟိုတယ်မှာ ကျင်းပသွားတဲ့ အဲဒီဆွေးနွေးပွဲကို နှစ်နိုင်ငံဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိတွေနဲ့အတူ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံခြားရေးရာနဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကျွမ်းကျင်သူတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေပြီး ၁ သန်းခွဲကျော်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့  မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024