အိန္ဒိယ နျူကလီးယားဓာတ်ပေါင်းဖိုများ ရုရှားက ကူညီတည်ဆောက်ပေးမည်

1.7K
အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက အိန္ဒိယနိုင်ငံရဲ့ နျူးကလီးယားဓာတ်ပေါင်းဖို အနည်းဆုံး ၁၀ ဖိုကို ရုရှားနိုင်ငံက ကူညီ တည်ဆောက်ပေးလိမ့်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။
[caption id="attachment_73631" align="aligncenter" width="503"]
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီ[/caption]
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်က အခုလို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပြီး တခြားစွမ်းအင်စာချုပ်တွေကိုလည်း ဒီဇင်ဘာ ၁၁ ရက်နေ့က ၂ နိုင်ငံခေါင်းဆောင်တွေ ချုပ်ဆိုခဲ့ကြပါတယ်။
ရုရှားသမ္မတရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်ဟာ အိန္ဒိယနိုင်ငံမှာ စွမ်းအင်လိုအပ်ချက် မြင့်မားနေချိန်၊ တချိန်ထဲမှာ အနောက်နိုင်ငံတွေက ၀ိုင်းဝန်းပိတ်ဆို့လို့ အာရှနိုင်ငံတွေနဲ့ ရုရှားနိုင်ငံက ဆက်ဆံရေး တိုးမြှင့်လိုချိန်နဲ့ တိုက်ဆိုင်နေတာပါ။
ဒီဇင်ဘာ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ နျူးကလီးယားစွမ်းအင်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အသေးစိတ်အစီအစဉ် ဆွေးနွေးခဲ့ကြပြီး ဓာတ်ပေါင်းဖိုသစ်တွေကို လာမယ့်အနှစ် ၂၀ အတွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးပစ္စည်းတွေတော့ အိန္ဒိယနိုင်ငံကပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ရုရှားရေနံ ၁ နှစ်ကို တန် ၁၀ သန်း အိန္ဒိယနိုင်ငံကို တင်ပို့ရေးတို့ကိုလည်း သဘောတူ ခဲ့ကြပါတယ်။
ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ဥရောပနိုင်ငံတွေက သပိတ်မှောက်ထားတာကြောင့် အာရှဈေးကွက်ကို တင်ပို့မယ်လို့ သမ္မတ ပူတင်က ပြောဆိုထားတာပါ။
ဒါကြောင့် ရုရှားနိုင်ငံက တည်ဆောက်ဖို့ လျာထားတဲ့ ဥရောပရေနံပိုက်လိုင်း စီမံကိန်းကိုလည်း ပြီးခဲ့တဲ့ ၁ ပတ်က ရပ်ဆိုင်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းတွေအတွက် ရုရှားနိုင်ငံက အဓိကကျတဲ့နိုင်ငံအဖြစ် ဆက်ရှိနေမယ်လို့လည်း ၀န်ကြီးချုပ် မိုဒီက ပြောဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ အဆင့်မြင့်ဆုံး စစ်ရဟတ်ယာဉ်တည်ဆောက်ရေးလုပ်ငန်းတွေကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်ဖို့လည်း ရှိပါတယ်။
စစ်အေးခေတ်က နှစ်နိုင်ငံ မဟာမိတ်တွေဖြစ်ခဲ့ကြပေမယ့် အဲ့ဒီနောက်ပိုင်းနှစ်တွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး အေးစက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရန်ဖက် ပါကစ္စတန်နိုင်ငံကို ရုရှားနိုင်ငံက ရဟတ်ယာဉ်တွေ ရောင်းခဲ့သလို အိန္ဒိယနိုင်ငံကလည်း ရုရှားတိုက်လေယာဉ်တွေကို မ၀ယ်ပဲ ပြင်သစ်တိုက်လေယာဉ်နဲ့ အမေရိကန်တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ၀ယ်ယူခဲ့တာပါ။
အိန္ဒိယနိုင်ငံက ရုရှားစိန်တွေကို အဓိက၀ယ်ယူသူဖြစ်ဖို့လည်း အိန္ဒိယစီးပွားရေး ခေါင်းဆောင်တွေနဲ့ သမ္မတ ပူတင်တို့ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
လောလောဆယ် ရုရှားစိန်တွေကို ဘယ်ဂျီယံနိုင်ငံ Antwerp မြို့နဲ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်က အဓိက ၀ယ်ယူနေပြီး အိန္ဒိယက အဓိက၀ယ်ယူတဲ့နိုင်ငံ ဖြစ်ချင်နေတာပါ။
