Home
မေးမြန်းခန်း
ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီး ဒီပါတီကို ထူထောင်တာ - ဦးအောင်မျိုးခိုင်
ပီတာအောင်
·
December 12, 2014
မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒနဲ့   အလုပ်သမားအရေး၊ လယ်သမားအရေး ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးခိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ပါတီ မှတ်ပုံတင်ကျသွားပြီလို့ သိရပါတယ်။ ဒီပါတီဟာ ဧရာဝတီတိုင်း တခုတည်းမှာပဲ စည်းရုံးလှုပ်ရှားမယ့် ပါတီလား၊ ဒါမှမဟုတ် တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီ လားဆိုတာ အရင်ဆုံးပြောပြပေးပါ။ [caption id="attachment_73576" align="alignright" width="300"]ဦးအောင်မျိုးခိုင် ဦးအောင်မျိုးခိုင်[/caption] “ပြည်ထောင်စုတ၀ှမ်းလုံးမှာ ကျနော်တို့ စည်းရုံးရေးဆင်းပြီးတော့ တနိုင်ငံလုံးရဲ့  အကျိုး စီးပွားအတွက် ထူထောင်ထားတဲ့ ပါတီပါ။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အခြေစိုက်ပြီး ဗဟိုဌာနချုပ် ဖွင့်လှစ်ထားပါတယ်။ နိုင်ငံတ၀ှမ်းလုံး စည်းရုံးလှုပ်ရှားမယ့်ပါတီပါ။” ပါတီရဲ့အမည်မှာ အလုပ်သမားနဲ့ လယ်သမားဆိုပြီး ထည့်မှည့်ထားတာ တွေ့ပါတယ်။ ဘာကြောင့်လဲ၊  ပါတီရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါရစေ။ “ယေဘုယျသဘောနဲ့ ပြောရရင်တော့ တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ အကျိုးစီးပွား အရပ်ရပ်ကို တတ်စွမ်းသလောက် ၀ိုင်းဝန်းပြီးတော့ ပါတီအနေနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဖွဲ့စည်းတာပါ။ ဒါပေမယ့် အခြေခံလူတန်းစား ၂ ရပ်ကို အခြေခံထားတယ်ဆိုတာက ကျနော်တို့နိုင်ငံရဲ့ အနေအထားနဲ့ လက်ရှိမှာ အားအနည်းဆုံးနဲ့ ဆင်းရဲနွမ်းပါးမှုလိုအပ်ချက်တွေ အများဆုံး ရှိနေတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေအတွက် ပမာဏအားဖြင့်လည်း အခြေခံအကျဆုံး လူတန်းစား ၂ ရပ်လည်း ဖြစ်တယ်။ နောက်တခါ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်ပေးရမယ့် အဓိက အင်ဂျင်လည်း ဖြစ်တဲ့အတွက် ဒီလူတန်းစား ၂ ရပ် ကို အခြေခံပြီးတော့ တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ အကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာပါ။” နောက်တခါ ပါတီရဲ့မူဝါဒတွေက ဘာတွေလဲ ဆိုတာကိုရော အနှစ်ချုပ်ရှင်းပြပေးပါလား။ “ပါတီရဲ့ မူဝါဒအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ တင်ပြထားတာတော့ အချက်တွေ တော်တော်များတယ်။ အနှစ်ချုပ်ကတော့ စည်းကမ်းနဲ့ ပညာရည်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် အားကောင်းလာဖို့  ပြည်သူကို ဗဟိုပြုတဲ့ ပြည်ထောင်စုအစိုးရတရပ် ပေါ်ပေါက်လာဖို့ အတွက် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ကြရမယ်လို့ ယုံကြည်တဲ့အလျောက် တောင်သူလယ်သမားနဲ့ အလုပ်သမားများအားလုံးကို ကိုယ်စားပြုတဲ့ ပါတီတခုအဖြစ် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားမယ်။ ဒါက ပထမအချက်ပါ။” “နောက်တချက်အနေနဲ့ ပွင့်လင်းမြင်သာသော လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး စနစ် တရားမျှတတဲ့ ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး အဲဒီမှာမှ လယ်ယာမြေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အလုပ်သမားရေးရာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အပါအ၀င် တရားမျှတတဲ့ ဥပဒေ စိုးမိုးရေးကိစ္စတွေမှာ ပါတီအနေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ မြင်တာတော့ တရားစီရင်ရေးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးစနစ် ရှိရမယ်။ အဲဒီစနစ်ကို အထောက်အကူ ပြုပေးမယ့် တရားမျှတတဲ့ ဥပဒေတွေပေါ် ထွန်းလာရမယ်။ ပေါ်ထွန်းလာတဲ့ ဥပဒေတွေကို ပြည်ထောင်စုတ၀ှမ်းလုံးမှာ လိုက်နာနိုင်အောင် ဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်သွားရမယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲပြီး မြင်ပါတယ်။” “နောက်တခါ ထာဝရပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးမှာလည်း ကျနော်တို့ ပါတီအနေနဲ့ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သွားဖို့လည်း ရည်မှန်းထားပါတယ်။ နိုင်ငံရေးမူဝါဒ သဘောအရ တခြားသောအိမ်နီးချင်းနိုင်ငံတွေ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ ဘက်မလိုက်တဲ့ ငြိမ်းချမ်းတဲ့မူဝါဒလမ်းစဉ် ကျင့်သုံးသွားဖို့ ပြည်တွင်းမှာလည်း လက်ရှိ ဖြစ်နေတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာရှိတဲ့ ခက်ခဲကြမ်းတမ်းမှုတွေမှာလည်း ပြင်းထန်တဲ့ တဦးနဲ့တဦး မညီညွတ်တဲ့ တိုက်ခိုက်မှုမျိုးအစား အားလုံးအချင်းချင်းညှိနှိုင်းပြီးတော့ လက်တွဲဖော်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။” မြန်မာပြည်မှာရှိတဲ့ ပါတီ ၇၀ လောက်ထဲမှာ အလုပ်သမားနဲ့ လယ်သမားပါတီဆိုပြီး မရှိသလောက် ရှားပါတယ်။ တောင်သူလယ်သမားပါတီတော့ ရှိတယ်။ အထူးသဖြင့် အလုပ်သမားပါတီဆိုပြီး မရှိသေးပါဘူး။ ခု ဦးအောင်မျိုးခိုင်တို့ ပါတီဟာ ပထမဆုံး အလုပ်သမား ပါတီလို့ ပြောလို့ ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့  ဘယ်လိုအရေးကိစ္စကို ပါတီအနေနဲ့ အဓိက ဦးစားပေးပြီးလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မြင်ပါသလဲ။ “လက်ရှိ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားတွေရဲ့ လူနေမှု၊ လူမှုစီးပွား၊ ပညာရေးနဲ့ ကျန်းမာရေး အစစအရာရာ ကျနော်တို့ ကြည့်တဲ့အခါမှာတော့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် ပိုပြီးတော့ ထင်သာမြင်သာရှိတယ်။ ကျနော်တို့ဆီမှာ သူတို့ရဲ့ လူမှုစီးပွားဘ၀ အနေအထားနဲ့ အများကြီးတော့ နိမ့်ကျနေတာ တွေ့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ရင်လည်း အလုပ်လက်မဲ့လူတန်းစား ရာခိုင်နှုန်းတချို့ ရှိသလို လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ထဲမှာလည်း သူတို့ရတဲ့ လုပ်ခလစာနဲ့ မပြေလည်နိုင်တဲ့ လူမှုဘ၀ကို မဖွံ့ဖြိုးနိုင်တဲ့ အနေအထား သွားတွေ့ရတယ်။ ပညာရေးအနေအထားနဲ့ ကြည့်ရင်လည်း ဒီအလုပ်သမားတွေအတွက်ကို နိုင်ငံတော်အပါအ၀င် အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကူညီဆောင်ရွက်ပေး နေတာ အတော်လေးအားနည်းတာ မြင်ရတယ်။ အဲဒီနေရာလေးတွေမှာ ကျနော်တို့ ၀င်ရောက် ဖြည့်ဆည်းပြီးတော့ တတ်နိုင်သရွေ့ မားမားမတ်မတ်ရပ်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော အစိုးရနဲ့ရော ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်။” “ပြည်ပမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိန်းဂဏန်းအရ ၆ သန်းလောက်ရှိ တယ်လို့ သိရတယ်။ မြန်မာပြည်ကနေ တိုင်းတပါးမှာ ရွှေ့ပြောင်းပြီး အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေရဲ့ လူမှုဘ၀တွေ တခြားနိုင်ငံမှာ အနှိမ်ခံရတဲ့အပိုင်း တွေ့ရတာတွေ ရှိပါတယ်။ ဒီအရေးတွေမှာလည်း ကျနော်တို့ အလုပ်သမားကိုယ်စားပြုတဲ့ပါတီအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အိုင်အယ်လ်အိုတို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံး အမျှတဆုံးဖြစ်အောင် ကြိုးပမ်းမှာပါ။” မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ တောင်သူလယ်သမားတွေအရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုကိစ္စကို ပထမ ဦးစားပေးတာဝန်အနေနဲ့ ဆောင်ရွက်သွားမှာပါလဲ။ “လယ်သမားရေးရာနဲ့ ပတ်သက်ပြီး လူမှုစီးပွားဘ၀တွေ နိမ့်ကျနေတယ်။ ပညာရေး၊ ကျန်း မာရေး နိမ့်ကျနေတယ်။ နောက်တခါ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးတွေလည်း အများကြီး ဆုံးရှုံးနေတာ တွေ့ရတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ မြေရှင်စနစ်ကြီး ကြီးစိုးနေတယ်လို့ မပြောသာလို့သာ ရှိရင်ရှိရမယ်။ မြေယာပိုင်ဆိုင်မှုအနေအထားနဲ့ ကြည့်ရင် တကယ်လယ်ယာ ထွန်ယက် စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်သမားတွေရဲ့ ရာခိုင်နှုန်းနဲ့ အခြား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြန်ကြည့်မယ်ဆိုရင် လယ်သမားတွေရဲ့ တိုက်ရိုက် လယ်မြေပိုင်ဆိုင်မှု ရာခိုင်နှုန်းက  ဒီထက်ပို ပိုင်ဆိုင်ခွင့်ရဖို့  တင်ပြ တောင်းဆိုဖို့ လိုအပ်လိမ့်မယ်လို့ မြင်တယ်။” “နောက် သူတို့မှာ လိုအပ်နေတဲ့ နည်းပညာပိုင်းတွေဆိုလည်း ပံ့ပိုးပေးဖို့ အများကြီး လိုပါတယ်။ လယ်ယာသုံး စက်ကိရိယာတွေ ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် ကျနော်တို့ ဖြည့်ဆည်းပေးဖို့ ရှိပါတယ်။ နောက် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်အပိုင်းမှာ  လယ်သမားတွေဟာ  များသောအားဖြင့် လယ်တခါ စိုက်ဖို့အတွက် သူတို့မှာ ပြင်ပ ငွေရှင်ကြေးရှင် တွေဆီက ချေးရငှားရတာ ရှိတယ်။  အစိုးရက ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ် ချေးရတာ ရှိတယ်။ သူတို့မှာ ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့အခါကျတော့ အကြွေးသံသရာထဲမှာပဲ နစ်ပြီး ဘ၀တွေ မတိုးတက်နိုင်ဘူး။ ဒီလိုမျိုး စီးပွားရေးနိမ့်ကျမှုတွေကို ကျနော်တို့ လယ်သမားကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်း အဖြေရှာပြီး တောင်းဆိုသင့်တာ တောင်းဆို၊ ကိုယ်တိုင်ကူညီသင့်တာ ကူညီ၊ တရားမျှတမှု ကင်းဝေးနေတာတွေ့ရင်လည်း ပြန်လည် တည့်မတ်ပေးသွားမယ်။” နောက်ထပ်မေးချင်တာက ပါတီအနေနဲ့ အရင်တုန်းကရော တောင်သူလယ်သမားအရေး အလုပ်သမားအရေး ဘာတွေဆောင်ရွက်ခဲ့တာ ရှိလဲ။ လတ်တလောရော သူတို့အတွက် ဘာတွေ ဆောင်ရွက်နေပါသလဲ။ “ကျနော်တို့ ပါတီကို စတင်ထူထောင်ပြီးတော့ ဒီဇင်ဘာ ၉ ရက်နေ့ကမှ မှတ်ပုံတင် ကျခဲ့တာပါ။ ပါတီ စတင်တည်ထောင်ခဲ့တဲ့ ပါတီဝင်တွေ အားလုံးဟာ အရင်တုန်းကတော့  လူမှုရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ ဒါပေမယ့် လူမှုရေး လုပ်ငန်းတွေလောက်နဲ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို အကျိုးပြုတဲ့အခါမှာ နယ်နိမိတ် ကျဉ်းမြောင်းနေတယ်ပေါ့နော်။ ကျနော်တို့ စိတ်ထဲမှာ စေတနာထက်သန်သလောက် လက်တွေ့မှာ လုပ်မပေးနိုင်တာ အများကြီးကြုံခဲ့ရတယ်။ ဒါ့ကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကျိုးပြုနိုင်တဲ့ နယ်နိမိတ်တခုကို သွားမယ်ဆိုပြီးတော့ နိုင်ငံရေးပါတီအနေနဲ့ ကျနော်တို့ မှတ်ပုံတင်ခဲ့ကြတာပါ။  အရင်တုန်းက လုပ်ခဲ့တာတော့ တောင်သူလယ်သမားနဲ့ ပတ်သက်ရင် ကျနော်ဆိုရင် စက်မှုအင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးခဲ့တဲ့အခါကျတော့ လယ်သမားတွေ အကျိုးရှိမယ့် လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေ တီထွင်ပေးတယ်။ ဖြန့်ဖြူးပေးမယ်။ နည်းပညာတွေ လိုက်ဟောပြောပေးတယ်။ ဒီလောက်ပဲ အကျိုးပြုလုပ်ငန်း အနေနဲ့ လုပ်နိုင်ခဲ့တယ်။” ပါတီခေါင်းဆောင်တွေအနေနဲ့ရော အရင်တုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ နိုင်ငံရေး ပါတီတွေမှာ ပါဝင်ခဲ့ဖူးလား။ ပါတီကို ဘယ်သူတွေက ခေါင်းဆောင်သွားမှာပါလဲ။ “ကျနော်တို့က နိုင်ငံရေးပါတီ မဟုတ်တဲ့ လူမှုရေးလုပ်ငန်းတွေပဲ ဆောင်ရွက်ခဲ့ကြတာပါ။  ကျနော့်အနေနဲ့တော့ ခုမှ နိုင်ငံရေးပါတီတခုကို ပါဝင်ပြီး လှုပ်ရှားတာ ဖြစ်ပါတယ်။ အခုလက်ရှိ ကျနော်တို့ပါတီရဲ့ ပထမခေါင်းဆောင်အနေနဲ့ ကျနော် တာဝန်ယူပြီး စတင်ဆောင်ရွက်ပါတယ်။ ဒုတိယခေါင်းဆောင်အနေနဲ့ ဦးကိုကိုလွင် တာဝန်ယူပြီး မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ အခု မှတ်ပုံတင်ကျပြီးတဲ့နောက်မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ဖွဲ့စည်းဖို့ လျာထားပြင်ဆင်နေတာ ရှိပါတယ်။ ယာယီအနေနဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာအောင်ဖြိုး၊ အထွေထွေအတွင်းရေးမှူးအနေနဲ့  ကျနော်တာဝန်ယူပြီး စတင်ဖွဲ့စည်းမယ်။  မကြာခင်မှာ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးရင်  ဗဟိုအလုပ်အမှုဆောင် ၂၇ ဦးစာရင်းကို ထုတ်ပြန်ပေးမယ်။” ပါတီရဲ့ အမာခံနယ်မြေတွေဟာ ဘယ်နေရာတွေဖြစ်မလဲ။ နောက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နှနေရာလောက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။ “ကျနော်တို့ လက်ရှိ အမာခံနယ်မြေအနေနဲ့ ရွေးချယ်ထားတာတော့ ဧရာဝတီတိုင်း ဒေသကြီးကို အဓိက ရွေးချယ်ထားပါတယ်။ ဒုတိယအနေနဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းကို ရည်မှန်း ထားပါတယ်။ ကျနော်တို့ ပါတီဟာ အခုမှ စတည်ထောင်တာဆိုတဲ့ အခါကျတော့   ၂၀၁၅ မှာ ကျနော်တို့ ပါတီအနေနဲ့ ဘယ်နေနေရာလောက် ရွေးချယ်နိုင်မယ်ဆိုတဲ့ အနေအထားကို လောလောဆယ် ဆုံးဖြတ်လို့ မရသေးပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ၅ နေရာအထက်မှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။” ပါတီနဲ့ပတ်သက်ပြီး တခြားဖြည့်စွက်ပြီး ပြောချင်တာများရှိပါသေးလား။ “ကျနော်တို့ပါတီအနေနဲ့တော့ ကျနော်တို့ရည်ရွယ်ချက်က ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တိုင်း ရင်းသား လူမျိုးတွေ အားလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အစစအရာရာသော အကျိုးစီးပွားအတွက်ကို ကျနော်တို့က ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီးတော့ ဒီပါတီကို ထူထောင်တာ ဖြစ်ပါတယ်။ ကျနော်တို့ ပါတီဝင်တွေအားလုံးဟာ ဒီပါတီကို ၀င်ရောက်ပြီးတာနဲ့ ဒီပါတီမှာ ၀င်ရောက်လှုပ်ရှားပြီဆိုတာနဲ့ ကျနော်တို့ကိုယ်ကျနော်တို့  မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ကျေးကျွန်အဖြစ် ခံယူပြီးတော့ စွမ်းစွမ်းတမံ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ သန္နိဋ္ဌာန်မျိုး ကျနော်တို့မှာ ချမှတ်ပြီးသားပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024