ဆီးရီးယားဒုက္ခသည် ၁ သိန်း အနောက်နိုင်ငံများ လက်ခံမည်

1.6K
ချမ်းသာတဲ့အနောက်နိုင်ငံတွေက ဆီးရီးယားဒုက္ခသည် ၁ သိန်းအထိ မကြာခင် တိုးပြီး လက်ခံသွားကြမယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးမှာ အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။
အနောက်နိုင်ငံတွေက ဆီးရီးယားဒုက္ခသည်ဦးရေ ၁ သိန်းအထိ တိုးပြီး လက်ခံသွား မယ်ဆိုပေမယ့်လည်း ကုလသမဂ္ဂနဲ့ ဒုက္ခသည်အေဂျင်စီတွေက ခေါ်စေချင်တဲ့ အရေအတွက်ထက် အများကြီးနည်းနေသေးတာလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒုက္ခသည် ၃ သန်းလောက် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ လက်ဘနွန်၊ တူရကီနဲ့ ဂျော်ဒန်နိုင်ငံတွေမှာ ခိုလှုံနေကြတာ ဖြစ်ပြီး လက်ဘနွန်နိုင်ငံမှာတော့ အများဆုံး ရှိနေပါတယ်။ လက်ရှိအချိန်အထိ အနောက်နိုင်ငံတွေက ဆီးရီးယားဒုက္ခသည် ၆၂၀၀၀ ပဲ လက်ခံထားသေးတာပါ။
ဒုက္ခအရောက်ဆုံးဖြစ်နေတဲ့ ဒုက္ခသည်တွေရဲ့ ၅ ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၁ သိန်း ၈ သောင်းကို ချမ်းသာတဲ့ ကမ္ဘာ့နိုင်ငံတွေက မျှခေါ်ပေးဖို့ ဂျီနီဗာမြို့အစည်းအဝေးမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အတင်းအကျပ် တိုက်တွန်းခဲ့ကြတာပါ။
ဒါတောင်မှ အမေရိကန်၊ ဗြိတိန်နဲ့ ချမ်းသာတဲ့ပင်လယ်ကွေ့နိုင်ငံတွေက ဒုက္ခသည် ဘယ်လောက်အရေအတွက်ကို လက်ခံမယ်ဆိုတာကို အတိအကျမပြောကြပါဘူး။
ဒုက္ခသည်တွေကို လက်ခံထားကြတဲ့ ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပဲ အဓိကထား ထောက်ပံ့သွားမယ်လို့ပဲ ပြောဆိုကြတာပါ။
တချိန်တည်းမှာပဲ အလှူငွေပြတ်သွားလို့ ဒီဇင်ဘာ ၁ ရက်နေ့က ရပ်ဆိုင်းသွားခဲ့ရတဲ့ ဒုက္ခသည် ရိက္ခာထောက်ပံ့ရေးအစီအစဉ်တွေကို မကြာခင် ပြန်လည်စတင်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက ပြောဆိုပါတယ်။
အင်တာနက်အလှူငွေကောက်ခံရေးအစီအစဉ်ကနေ အမေရိကန်ဒေါ်လာ သန်း ၈၀ လောက်ရရှိတာနဲ့ ပြန်လည်စတင်မှာလို့ အေဂျင်စီက ပြောကြားခဲ့တာပါ။
ဂျီနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။