
အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပါးဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဆန္ဒပြမှုတခုအတွင်း အစ္စရေးစစ်သားတွေက ရိုက်နှက်တာ ခံရလို့ ပါလက်စတိုင်း ဝန်ကြီးတယောက် သေဆုံးတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ရိုက်တာစ်သတင်းဌာန ဓာတ်ပုံသမားက ပြောပါတယ်။
ဒဏ်ရာတွေနဲ့ ဝန်ကြီး ဇိအတ် အဘူအိန်ကို အခင်းဖြစ်ရာ တာမူစီယာရွာကနေ လူနာတင်ယာဉ်နဲ့ ရာမာလာမြို့ကို အသွား လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။
သူဟာ ဆန္ဒပြပွဲအတွင်း ပါလက်စတိုင်းမီဒီယာကို စကားပြောခဲ့ပါသေးတယ်။ အစ္စရေးတွေရဲ့ အခြေချမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုကို ၀န်ကြီး အဘူအိန်က ခေါင်းဆောင်ပြီး ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ ရာနဲ့ချီပြီး ပါဝင်ပူးပေါင်းခဲ့ပါတယ်။ မျက်မြင်သက်သေတွေ ကတော့ ၀န်ကြီး အဘူအိမ် ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ အစ္စရေးအခြေချနေထိုင်တဲ့ စခန်းတခုနားမှာ ဆန္ဒပြဖို့ အသွားမှာ အစ္စရေးစစ်သားတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်ကတော့ ၀န်ကြီး အဘူအိန် သေဆုံးမှုကို ငုံ့ခံမှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး စုံစမ်းစစ်ဆေးအပြီးမှာ လိုအပ်တဲ့ ခြေလှမ်းတွေ လှမ်းသွားမယ်လို့ ပြောပါတယ်။