
မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တော်မှာ ရှိတဲ့ ကင်အီဆွန်းတက္ကသိုလ်မှာ အာကာသ သိပ္ပံ ဆွေးနွေးပွဲတရပ်ကို ကျင်းပတယ်လို့ ကေစီအန်အေသတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေ တက်ရောက်နေတာကို ကေစီအန်အေက ဖြန့်ဝေတဲ့ ရုပ်သံသတင်းမှာ တွေ့ရပါတယ်။
ဆွေးနွေးပွဲဟာ နည်းပညာ ဖလှယ်ရေး၊ ဒုံးကျည်နဲ့ ဂြိုလ်တု လွှတ်တင်ရေးကိစ္စတွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအရာရှိတွေ၊ အာကာသ ဖွံ့ဖြိုးရေးဌာန၊ သိပ္ပံအကယ်ဒမီ၊ လူမှုသိပ္ပံ အကယ်ဒမီတို့က တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ ဆိုပါတယ်။
ဒါပေမ့ယ် ဆွေးနွေးပွဲကို ဘယ်ရက်မှာ ကျင်းပခဲ့သလဲဆိုတာကိုတော့ သတင်းမှာ မဖော်ပြပါဘူး။ မြောက်ကိုရီးယားဟာ နျူးကလီယားပညာရပ် ဖွံ့ဖြိုးရေး၊ ဒုံးကျည်နဲ့ ဆိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ ကန့်သတ်ထားပါတယ်။
၂၀၁၂ ခုနှစ်မှာ တာဝေးပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီး ဂြိုဟ်တုတလုံးကိုလည်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။