နေတိုးအဖွဲ့ရဲ့ဘောလ်တစ်ပင်လယ် လေကြောင်းမူဝါဒမစ်ရှင်က တိုက်လေယာဉ်တွေဟာ နော်ဝေကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်နဲ့ ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတဲ့ ရုရှား စစ်လေယာဉ်အုပ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ကြားဖြတ် ဟန့်တားခဲ့တယ်လို့ နေတိုးရဲ့ ပြောခွင့်ရက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။
[caption id="attachment_73406" align="alignright" width="381"]

ဓာတ်ပုံ - ရိုက်တာ[/caption]
ဗုံးကြဲယာဉ်၊ တိုက်လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေအပါအဝင် စစ်လေယာဉ် အမျိုး ၃၀ ကျော်ပါတဲ့ လေယာဉ်အုပ်စုကို တော်ဝင်နယ်သာလန် လေတပ်က ကြားဖြတ် တားဆီးခဲ့ရတယ်လို့ နေတိုးပြောခွင့်ရ အိုနာ လောင်းဂဲ့စ်ကူက ကြေညာချက် ထုတ်ပြန်ပါတယ်။
လေယာဉ်တွေ အားလုံးက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ရှိနေခဲ့ကြောင်း၊ လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေကလည်း နေတိုးတိုက်လေယာဉ်တွေက အမျိုးအစားတူ ရုရှား စစ်လေယာဉ်တွေကို ကြားဖြတ် ဟန့်တားမှု အတော်များများ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဘောလ်တစ်ပင်လယ်ပေါ်မှာ ရုရှားရဲ့ လှုပ်ရှားမှုက သိသာ ထင်ရှားလာလို့ နေတိုးက ကြားဖြတ်ဟန့်တားရမှုတွေ ပုံမှန် လုပ်နေရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ရုရှားက ပျံလာတဲ့ တင့်ကားသယ်နိုင်တဲ့ လေယာဉ် ၄ စီးနဲ့ Tu-95 Bear strategic ဗုံးကြဲလေယာဉ် ၄ စီးတို့ မြောက်ပင်လယ်ပေါ် ဖြတ်ပျံလာပြီး ပေါ်တူဂီကမ်းလွန်က အတ္တလန်တိတ်သမုဒ္ဒရာထိ ပျံသန်းခဲ့တယ်။ သူတို့ကို ဗြိတိန်၊ နော်ဝေနဲ့ ပေါ်တူဂီ လေယာဉ်တွေက ကြားဖြတ် ဟန့်တားခဲ့ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။
နေတိုးကတော့ နိုင်ငံတကာ စည်းမျဉ်းအရ ဘောင်ထဲမှာပဲ နေပြီး ခုခံကာကွယ်တဲ့ အပိုင်းမှာပဲ လုပ်ဆောင်ခဲ့တယ် စုစည်းမှုရှိတဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် ဘယ်လို အလားအလာကို မဆို ခုခံကာကွယ်ဖို့ ပြင်ဆင်တာ သေချာအောင် တည်ဆောက်ပုံနဲ့ လုပ်နိုင်စွမ်းတွေကို ဆက်လုပ်သွားမယ်လို့ ကြေညာချက်က ဖော်ပြထားပါတယ်။
နေတိုးရဲ့ ဘောလ်တစ်ဒေသ လေကြောင်းမူဝါဒမစ်ရှင်အတွက် မယ်လ်ဘရွတ် လေတပ် အခြေစိုက်စခန်းမှာ ယာယီ တာဝန်ကျနေတဲ့ ဒတ်ခ်ျ F16 လေယာဉ်မှူးတွေ ရိုက်ကူးထားတဲ့ ရုပ်သံကို ဒတ်ခ်ျ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။