ပါကစ္စတန် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ နိုင်ငံတ၀န်း ကျယ်ပြန့်လာ

1.1K
ပါကစ္စတန်နိုင်ငံရေးသမား အမ်ရမ်ခန်းရဲ့ ပီတီအိုင်ပါတီက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ တနိုင်ငံလုံးကို ကျယ်ပြန့်လာနေပါတယ်။
ဖိုင်ဆယ်လ်လာဘတ်မြို့မှာ မြို့ပိတ် ဆန္ဒပြမှုအတွင်း လက်ရှိအာဏာရ ပါကစ္စတန်မွတ်စ လင် အသင်းချုပ်ပါတီနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
သူပါတီက တက်ကြွလှုပ်ရှားသူတွေ သေနတ်နဲ့ ပစ်ခတ်ရလို့ တယောက် သေဆုံးခဲ့အပြီး ဆန္ဒပြပွဲက တနိုင်ငံလုံးကို ပြန့်သွားတာ ဖြစ်ပါတယ်။
ကရာချီမြို့က ဆန္ဒပြသူတွေကတော့ ဖိုင်ဆယ်လာဘတ်မြို့က ရက်စက်ယုတ်မာမှုကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချတယ်လို့ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။
အမ်ရမ်ခန်ကတော့ ၂၀၁၃ ခုနှစ် မေလရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားနေပြီး ရွေးကောက်ပွဲမသမာမှုကို ပူးတွဲစုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို မလုပ်ပေးရင် တနိုင်ငံလုံးမှာ သပိတ်မှောက်မယ်လို့ ကြေညာထားပါတယ်။
သူကို ထောက်ခံသူတွေက နိုင်ငံတလွှား မြို့ကြီးတွေမှာ လမ်းတွေ၊ စီးပွားရေးလုပ်ငန်း တွေနဲ့ အစိုးရရုံးတွေကို ပိတ်ပြီး သူတို့စွမ်းအားကို ပြဖို့ စီစဉ်ထားပြီး ဖိုင်ဇယ်လ်မာဘတ်က ပထမဆုံးမြို့ ဖြစ်ပါတယ်။
၂ ဖက်လုံးက သည်းကြီးမည်းကြီးဖြစ်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာ မအောင်မြင်တဲ့နောက် နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
သေနတ်ကိုင်တယောက်က ပီတီအိုင်လုပ်သားတွေကို စတင်ပစ်ခတ်ရာက လူ ၃ ယောက်လဲ ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ခရိုင်တွင်း ဒီဇင်ဘာ ၉ ရက် ကို ဝမ်းနည်းခြင်းနေ့ သတ်မှတ်ထားပါတယ်။