အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် အီရန်နှင့် ဆီးရီးယား ဆွေးနွေး

1.6K
အီရန်နဲ့ ဆီးရီးယား ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ညီလာခံမတိုင်မီ အပြန်အလှန် ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြ ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွသူပုန်တွေကို တိုက်ရေး ပိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးနေကြတာပါ။
ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားကို ပြစ်တင် ဝေဖန်နေတဲ့နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံ ပျက်စီးအောင် ပူးပေါင်းကြံစည်နေတယ် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အိုင်အက်စ်စစ်သွေးကြွတွေ ထကြွမှုအတွက် သူတို့ကို အပြစ်တင်တယ်လို့ ပြောပါတယ်။
အစ္စရေးဂျက်လေယာဉ်တွေဟာ ဒမာစကတ်မြို့ နိုင်ငံတကာလေယာဉ်ကွင်းနားက ဒေသတွေ၊ လက်ဘနွန်နိုင်ငံနဲ့ နယ်စပ်နားက ဒီမာမြို့ကို ဗုံးကြဲခဲ့အပြီး နောက်နေ့မှာ ဒီဆွေးနွေးပွဲကို ကျင်းပတာပါ။
အစ္စရေးဟာ ၃ နှစ်ကြာ စစ်ပွဲအစတည်းက ဒုံးကျည်တွေ အများစုဖြစ်တဲ့လက်နက်တွေကို ဖျက်ဆီးဖို့ ဆီးရီးယားကို အကြိမ်ရေအတော်များများ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးအရာရှိတွေကတော့ အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲက သူတို့ရဲ့ ရန်သူဟောင်း ဟဇ်ဘိုလာတွေအတွက် ရည်မှန်းပစ်ခတ်တာလို့ ပြောပါတယ်။
အိုင်အက်စ်တပ်တွေဟာ ဒီနှစ်အတွင်း ဆီးရီးယားနဲ့ အီရတ်နယ်မြေတွေကို သိမ်းခဲ့ပြီး ဆီးရီးယားရဲ့ ရေနံမြေ ဒယ်အဇ်ဇောက နယ်မြေအား လုံးနီးပါးကို ထိန်းချုပ်ထားပြီး သူ့ခြေကုပ်ကို ပိုမြဲအောင် လုပ်နေပါတယ်။
၂၀၁၁ ခုနှစ်က ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေက စတဲ့ ဆီးရီးယားပြည်တွင်းစစ် ဟာ ဒေသတွင်း ထိပ်တိုက်တွေ့မှုတွေဆီကို ပြန့်ပွားလာခဲ့ပြီး လူ ၂ သိန်းလောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
အီရန်သမ္မတ ဟတ်ဆန် ရူဟာနီကတော့ နိုင်ငံတကာ လူ့အဖွဲ့အစည်း အတွက် အစွန်းရောက်မှု တိုက်ဖျက်ရေးဟာ ထိပ်တန်းဦးစားပေး ဖြစ်ရမယ်လို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလက ဖိအားပေး ပြောဆိုခဲ့ပါတယ်။
ဆီးရီးယားနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အကြမ်းဖက်နဲ့အစွန်းရောက်မှု ဆန့်ကျင်ရေး နိုင်ငံတကာညီလာခံကို တက်ရောက်ဖို့ မျှော်လင့်ခံထားရပါတယ်။