အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အမေရိကန် လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး ခွဲခြားမှုနဲ့ ဘက်လိုက်မှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အရပ်ဖက်လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာ လူတွေ နားလည် သင့်တယ်လို့လည်း ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့က အိမ်ဖြူတော်မှာ BET ကွန်ရက်ကို ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ လူမည်း ၂ ဦးကို ရဲတွေ သတ်ဖြတ်ခဲ့တာကို အကြောင်းပြုပြီး လူမျိုးရေး ဆန္ဒပြပွဲတွေ အမေရိကန်နိုင်ငံမြို့ကြီးတွေမှာ ဆက်လက် ဖြစ်ပွားနေချိန် အိုဘားမားနဲ့ ကွန်ရက်တို့ရဲ့ ပထမဆုံး တယောက်ချင်း လူတွေ့ မေးမြန်းခန်းလည်း ဖြစ်ပါတယ်။
“သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို ပြည်နယ်ခုံသမာဓိအဖွဲ့တွေက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။ လူမျိုးရေးခွဲခြားမှုဟာ အမေရိကန်လူ့အဖွဲ့အစည်းမှာ လူ့သမိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့တယ်။ ဒါပေမယ့် ဒါကို ဖြေရှင်းဖို့ ၂ ချက်ရှိတယ်။ ပထမအချက်က တိုးတက်မှုတွေ ရှိခဲ့ပြီဆိုတာ နားလည်ရမယ်။ အသိအမှတ်ပြုဖို့ အရေးကြီးတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ က ဖြစ်ခဲ့တာတွေနဲ့ အခုဖြစ်တာတွေကို တန်းညှိလို့ မရနိုင်ဘူး။ ပိုကောင်းလာတာကို နားလည်ဖို့ အရေးကြီးတယ်။ ဒါမှ ပိုတိုးတက်လာအောင် လုပ်နိုင်မယ်။ လူငယ်တွေအနေနဲ့ ဘက်လိုက်မှုလို လူမျိုးရေးခွဲခြားမှုလို လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတာတွေကို ရင်ဆိုင်တဲ့အခါ အချိန်ယူရလိမ့်မယ်။ ဖြည်းဖြည်းမှန်မှန် လက်မလွတ်စတမ်း မရောက်မချင်း ပန်းတိုင်ဆီကို သွားရလိမ့်မယ်”လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။