အယ်ကိုင်ဒါအဖွဲ့နှင့်ဆက်နွယ်မှုဖြင့် ၁၂ နှစ်ကြာ ထိန်းသိမ်းခံရသည့် အကျဉ်းသား ၆ ဦး ပြန်လွှတ်

1K
ဂွာတာနာမိုအကျဉ်းစခန်းမှာ ၁၂ နှစ်ကြာ ထိန်းသိမ်းခံရပြီး ပြန်လွှတ်လာတဲ့ အကျဉ်းသား ၆ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ဥရုဂွေးနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် အခြေချနေထိုင်ဖို့ ရောက်ရှိလာကြပါတယ်။
ဆီးရီးယားနိုင်ငံသား ၄ ဦး၊ တူနီးရှားနိုင်ငံသား ၁ ဦးနဲ့ ပါလက်စတိုင်း ၁ ဦးတို့ အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုစွဲချက်နဲ့ ၁၂ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး တခါမှ ရုံးတင်စစ်ဆေးခဲ့ရခြင်းလည်း မရှိခဲ့ပါဘူး။
သူတို့တွေဟာ အမေရိကန်လုံခြုံရေးအတွက် အန္တရာယ် မရှိဘူးဆိုပြီး အစောပိုင်းက တည်းက ပြန်လွှတ်ပေးဖို့ ဖြစ်ပေမယ့် သူတို့မိခင်နိုင်ငံတွေကို ပြန်ပို့ဖို့ကိုတော့ အမေရိကန် အာဏာပိုင်တွေက မလိုလားခဲ့ကြတာပါ။ ပြန်လွှတ်ပေးခဲ့တဲ့အထဲမှာ ဒီ ၆ ဦးဟာ အရည်အတွက် အများဆုံးလည်း ဖြစ်ပါတယ်။
မကြာခင် သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဥရုဂွေးသမ္မတ ဟိုဆေး မူဟီကာ က သူတို့ကို အခုနှစ်ဆန်းပိုင်းကတည်းက အခြေချခွင့်ပေးခဲ့ပေမယ့် အခုနှစ် ရွေးကောက်ပွဲတွေ ပြီးမှ ဒီအစီအစဉ် ဖြစ်လာတာပါ။
သူတို့ကို ၂ နှစ်အတွင်း ခရီးသွားခွင့်မပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုကိုလည်း သမ္မတက ပယ်ချခဲ့ပါတယ်။
လာမယ့် မတ် ၁ ရက်နေ့မှာ တက်လာမယ့် ဥရုဂွေးသမ္မတသစ်ကလည်း ဒီအကျဉ်းသားတွေကို လက်ခံတာကို ထောက်ခံခဲ့ပြီး နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ ဖြစ်စေရမယ်လို့လည်း ဥရုဂွေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
လောလောဆယ် ဂွာတာနာမိုအကျဉ်းသား ၁၃၆ ဦး ဆက်ရှိနေပြီး ၂၀၀၂ ခုနှစ် နှစ်ဆန်းက စဖွင့်ခဲ့ပြီးနောက်ပိုင်း အရေအတွက်အနည်းဆုံးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း အကျဉ်းသား ၇ ဦး ပြန်လွှတ်ပေးခဲ့ပြီး ဂျော်ဂျီယာကို ၃ ဦး၊ စလိုဗက်ကီးယားကို ၂ ဦး၊ ဆော်ဒီအာရေးဘီးယားကို ၁ ဦးနဲ့ ကူဝိတ်နိုင်ငံကို ၁ ဦး လွှဲပြောင်းပေးခဲ့ပါတယ်။