အခုနှစ်ကုန် အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်က ပြန်လည်ရုပ်သိမ်းတဲ့အခါ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၁ ထောင် ထပ်တိုးချထားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကဘူလ်းမြို့တော်မှာ ပြောဆိုပါတယ်။

အာဖဂန်နစ္စတန်မှာ ၂၀၁၄ အလွန် အမေရိကန်တပ်ဖွဲ့ဝင် ၉၈၀၀ ပဲ ဆက်ထားဖို့ နဂိုက စီစဉ်ထားပေမယ့် အမေရိကန်သမ္မတ အိုဘားမားက တပ်အင်အား ၁၀၈၀၀ ထားဖို့ အတည်ပြုပေးခဲ့ပါတယ်။
ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ အာဖဂန်သမ္မတ တာဝန်ယူမှုတွေလည်း နောက်ကျခဲ့တာကြောင့် အခုလို အမေရိကန်တပ်တွေ ချထားရေး စီစဉ်မှုတွေလည်း အခုလိုနောက်ကျခဲ့တယ်လို့လည်းက ဆိုပါတယ်။
ဒါပေမယ့် အာဖဂန်နစ္စတန်နိုင်ငံမှာ ဆက်ထားမယ့် အမေရိကန်တပ်တွေရဲ့ ရေရှည်မူဝါဒတွေကိုတော့ အပြောင်းအလဲမလုပ်ကြောင်း၊ အမေရိကန်တပ်တွေဟာ အရင်အစီအစဉ်တွေဖြစ်တဲ့ လေ့ကျင့်သင်တန်းပေးရေးတာဝန်ကိုပဲ အဓိကယူဖို့နဲ့ လာမယ့် ၂ နှစ်အတွင်း ကျန်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လျော့ချသွားမယ်အစီအစဉ်ကတော့ အပြောင်းအလဲမရှိပါဘူးလို့ ပြောပါတယ်။
အာဖဂန်သမ္မတ ဂါနီက နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးအပေါ် အဓိကမူတည်တယ်လို့ လွန်ခဲ့တဲ့ ၃ ရက်က လန်ဒန်မြို့မှာ ပြောဆိုခဲ့ပါတယ်။
အခုချန်ထားမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ လေ့ကျင့်ရေးတာဝန်ကိုပဲ အဓိကယူမှာဖြစ်ပေမယ့် အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးကို အကန့်အသတ်နဲ့ ဆက်လုပ်သွားမယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။