မော်ဒိုက်ကျွန်း သောက်ရေစက်ရုံ မီးပြတ်တောက်၊ လူ ၁ သိန်းခန့် ရေအခက်ခဲကြုံ

1.8K
အိန္ဒိယသမုဒ္ဒရာထဲက မော်ဒိုက်ကျွန်းနိုင်ငံမှာ တခုတည်းသော သောက်ရေပေးဝေရေးစက်ရုံ လျှပ်စစ်မီးပြတ်တောက်သွားတာကြောင့် မြို့တော် မာလီက ဒေသခံ ၁ သိန်းလောက် သောက်ရေအခက်အခဲကြုံတွေ့နေရပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံက သောက်ရေ တန် ၂၀ နဲ့ သောက်ရေစက်ရုံ ပြင်ဆင်ရေးပစ္စည်းတွေ ပေးပို့ခဲ့ပါတယ်။
မော်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရဲ့ မေတ္တာရပ်ခံမှုနဲ့ လေယာဉ် ၄ စီးစာ သောက်ရေသန့် တန် ၂၀ ပေးပို့မှာဖြစ်ပြီး ၂ စီးကတော့ စက်ရုံပြင်ဆင်ဖို့ ပစ္စည်းတွေ ပေးပို့မယ်လို့ ပြောဆိုပါတယ်။
နောက်ထပ် တပတ် ဆယ်ရက်အတွင်း စက်ရုံပြန်မလည်နိုင်ရင် သောက်ရေပြဿနာအကြီးအကျယ် ထပ်တက်ဖို့ရှိတာကြောင့် သီရိလင်္ကာနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကိုပါ သောက်ရေအကူအညီ တောင်းခံထားတယ်လို့ မော်ဒိုက်အစိုးရက ဆိုပါတယ်။
မော်ဒိုက်နိုင်ငံမှာ ရေချိုမြစ်ချောင်းမရှိဘဲ ပင်လယ်ရေသန့်စင်စက်ရုံတခုထဲကနေ သောက်ရေရရှိတာပါ။
ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေကတော့ ကိုယ်ပိုင်ရေသန့်စင်စက်တွေရှိလို့ သောက်ရေပြဿနာမကြုံရပါဘူး။
မော်ဒိုက်နိုင်ငံဟာ ဒီဟိုတယ်ခရီးသွားလုပ်ငန်းကနေ အဓိက၀င်ငွေရရှိတာဖြစ်ပြီး နိုင်ငံ့ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
မော်ဒိုက်နိုင်ငံရဲ့ ဘယ်နေရာမှာမှ အမြင့်ပေ ၆ ပေ မကျော်တာကြောင့် ကမ္ဘာကြီးပူနွေးပြီး သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် တနိုင်ငံလုံး ရေမြှုပ်မယ့်ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
