တရုတ်နိုင်ငံမှာ သေဒဏ်ကျအကျဉ်းသားတွရဲ့ ကိုယ်အင်္ဂါတွေကို စနစ်တကျထုတ်ယူပြီး ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသမှု လုပ်ရာမှာပြန်သုံးတဲ့ အငြင်းပွားဖွယ်လုပ်ရပ်ကို နောက်လကစလို့ အဆုံးသတ်ဖို့ စီစဉ်နေတယ်လို့ အစိုးရထုတ် သတင်းစာက ဒီဇင်ဘာ ၅ ရက်နေ့မှာ အစီရင်ခံပါတယ်။

တရုတ်နိုင်ငံဟာ ဒီလို ခွဲစိတ်ကုသတဲ့ အစီအစဉ်ကို ပြုလုပ်နေတဲ့ တခုတည်းသောနိုင် ငံဖြစ်ပါတယ်။
ဒီထောင်သားတွေနဲ့ မိသားစုတွေရဲ့အလိုဆန္ဒမပါဘဲ ကိုယ်တွင်း အင်္ဂါတွေအများအပြားကို အာဏာပိုင်တွေက ထုတ်ယူခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ခဲ့အပြီး မနှစ်ကစလို့ ဒီလုပ်ရပ်ကို အဆုံးသတ်ဖို့ စီမံခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးကုသရာမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ လမ်းညွှန်ချက်တွေကို အမြဲလေးစားလိုက်နာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမေးခွန်းဟာ သံတမန်နယ်ပယ်မှာ မေးရမယ့်မေးခွန်းမဟုတ်ဘဲ ကျန်းမာရေးဌာနကို တိုက်ရိုက်မေးသင့်တယ်လို့လည်း ပြောပါတယ်။
၂၀၀၇ ခုနှစ် လူ့ကိုယ်အင်္ဂါ အစားထိုးကုသမှုဆိုင်ရာ စည်းမျဉ်းထဲမှာ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းမှုဟာ အကျိုး အမြတ် မပါဘဲ စေတနာအလျောက်သာ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာ သိရမယ်လို့ သူက ပြောပါတယ်။
တရုတ်ရိုးရာ ဓလေ့ထုံးတမ်းအရ အလောင်းတွေကို အပြည့်အစုံမီးသင်္ဂြိုဟ် မြေမြှုပ်တာသာ လုပ်သင့်တယ်လို့ ယုံကြည်ထားလို့ လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ လိုအပ်ချက်ကို မမီနိုင်ဖြစ်နေတာပါ။
နှစ်တိုင်း ခန့်မှန်းခြေ လူနာအယောက် ၃ သိန်းလောက်ဟာ ကိုယ်အင်္ဂါ အစားထိုးကုသခံဖို့ စောင့်နေရပြီး အယောက် ၃၀ မှာ တယောက်သာ အစားထိုးကုသမှု ခံယူရရှိနေပါတယ်။
ဒါကြောင့် တရားမဝင် ရောင်းဝယ်မှုတွေ တိုးလာလို့ အစိုးရက လူနာရဲ့ ဇနီးခင်ပွန်း၊ သွေးသားတော်စပ်သူ ဆွေမျိုးတွေနဲ့ မွေးစားမိသားစုဝင်တွေ ဆီကလွဲလို့ သက်ရှိအလှူရှင်ဆီက ကိုယ်အင်္ဂါအစားထိုးကုသမှုကို တားမြစ် ပိတ်ပင်ထားပါတယ်။