ရုရှားနိုင်ငံ ချေချင်းညာဒေသရဲ့ မြို့တော် ဂရော့ဇနီမှာ သေနတ်သမားတွေက အဆောက်အဦတခုကို ဒီဇင်ဘာ ၄ ရက်နေ့က မွှေနှောက်ပစ်ခတ်ခဲ့လို့ ရဲ ၁၀ ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
သမ္မတ ဗလာဒီမာ ပူတင်က ရုရှားကို ခုခံကာကွယ်တဲ့ မူဝါဒရေးရာ မိန့်ခွန်းမပြောမီ နာရီပိုင်းအလိုမှာ ခုလို ဖြစ်ခဲ့တာပါ။
ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ချေချင်းညာခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ်ကတော့ အကြမ်းဖက်သမား ၆ ယောက်က ရဲကင်းကားကို ပစ်ခတ်ပြီးနောက် အရာရှိ ၃ ယောက်ကို သတ်ဖြတ်ပြီး ဒေသခံ မီဒီယာရှိရာရုံးကို မွှေနှောက်ခဲ့တယ်လို့ အင်စတာဂရမ် အကောင့်မှာ ရေးပါတယ်။
သမ္မတပူတင်က တပ်တွေ လွှတ်ပြီး ခွဲထွက်ရေး အစ္စလာမ်မစ်သူပုန်တွေကို နှိမ်နင်းအပြီး ၁၀ နှစ်ကျော်အကြာမှာ ချေချင်းညာမှာ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာကို ထင်ရှားစေခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း တခြားလူ ၂၈ ဦး ဒဏ်ရာရတယ်လို့ ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီက ပြောပါတယ်။
ဥပဒေအာဏာတည်ရေး အရာရှိတွေက တိုက်ခိုက်သူတချို့ကို သတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားရဲ့ တက်စ်သတင်းဌာနကလည်း ချေချင်းညာခေါင်းဆောင်ကို ကိုးကားပြီး သေနတ်သမား အတော်များများက မြို့လယ်က ကျောင်းတခုမှာ ခိုအောင်းနေဆဲလို့ ပြောပါတယ်။ ဓားစာခံတွေ ထိန်းသိမ်းထားတာနဲ့ ပတ်သက်တဲ့ စကားတော့ မကြားရသေးပါဘူး။