Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်စစ်ဦးစီးချုပ် ပြန်လည်စုဖွဲ့
အေးနိုင်
·
December 5, 2014
ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် Federal Union Army (FUA) ပထမအကြိမ် စစ်ဦးစီး အဖွဲ့အစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်မှာကျင်းပခဲ့ပြီး စစ်ဦးစီးအဖွဲ့ကို ပြန်လည်စုဖွဲ့တာဝန်ပေးခဲ့ကြပါတယ်။ [caption id="attachment_72912" align="alignright" width="361"]ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ (ဓာတ်ပုံ - ကရင်အမျိုးသား- မီဒီယာ) ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ (ဓာတ်ပုံ - ကရင်အမျိုးသား- မီဒီယာ)[/caption] ပြီးခဲ့တဲ့လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ ကျင်းပတဲ့  အစည်းဝေးမှာ   ယူအန်အက်ဖ်စီ ကွန်ဂရက်သက်တမ်းနဲ့ အညီ စစ်ဦးစီးအဖွဲ့ကို ပြန်လည် စုဖွဲ့ခဲ့တာဖြစ်ပြီး ဗဟိုစစ်ဦးစီး အဖွဲ့အပြင် မြောက်ပိုင်းတိုင်း စစ်ဒေသမှူးနဲ့ တောင် ပိုင်းတိုင်းစစ်ဒေသမှူးတွေပါ  ရွေးချယ်ခဲ့တယ်လို့ ယူအန်အက်ဖ်စီ ပြော ခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။ “၁၂ ဖွဲ့မှာ ၄ ဖွဲ့မလာနိုင်ဘူးဗျ။ ကျန်တဲ့ ၈ ဖွဲ့ထဲ စစ်ဦးစီးအဖွဲ့မှာ တဦးချင်းအပြင်ကို ဒေသအလိုက် တာဝန်ပေးထားတဲ့သူတွေပါထည့်တော့ ၁၁ ဦးဖြစ်သွားတာပေါ့။ နောက်ထပ် ၄ ဖွဲ့က ပေးရင်တော့ စစ်ဦးစီးအဖွဲ့ဝင် ၁၅ ဦးဖြစ်မှာပေါ့၊ စစ်ဦးစီးအဖွဲ့မှာ ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်ဘီထူး။ ဒုဦးစီးချုပ် (၁)က   ဗိုလ်ချုပ်ဘောကျော်ဟဲ၊ ဒုဦးစီးချုပ် (၂) က ဗိုလ်မှူးချုပ်ခေါင်လွန်းပေါ့။ စစ်ဦးစီးအဖွဲ့ဗဟိုပေါ့။ ကျန်တာတွေအားလုံးက စစ်ဦးစီးအဖွဲ့ဝင်ဖြစ်တာပေါ့။” ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဘောကျော်ဟဲကို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ်(၁) တာဝန်အပြင် ဖက်ဒရယ်တပ်မတော်  တောင်ပိုင်းစစ်ဒေသမှူးအဖြစ်ပါ တွဲဘက်တာဝန်ပေးပါတယ်။ ဖက်ဒရယ်တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ရွေးချယ်တာဝန်ပေးအပ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှင်းပြပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ဝင် ၁၂ ဖွဲ့ရှိတဲ့အနက် ကရင်အမျိုးသားအစည်းအရုံးဟာ လွန်ခဲ့တဲ့လပိုင်းက ကျင်းပတဲ့ ပထမအကြိမ်ကွန်ဂရက်မှာ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားပါတယ်။ ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို အဆင့်မြင့်တပ်ပိုင်းတာဝန် အပ်နှင်းတာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ စစ်ဘက်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှု ရှိမြဲပဲလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှင်းပြပါတယ်။ “သူတို့ (နုတ်ထွက်) တာက နိုင်ငံရေးအရပါ။ သူတို့သုံးတဲ့စကားလုံးအတိုင်းပေါ့လေ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းထားတယ်လို့ သူတို့ သုံးပါတယ်။ အဲဒါကတော့ အဓိကကတော့ နိုင်ငံရေးလုပ်ငန်း ပိုများပါတယ်။ နိုင်ငံရေးအမြင်နဲ့ ပိုများပါတယ်။ မြေပြင်မှာ တပ်ပိုင်းဆိုင်ရာတို့၊ လုံခြုံရေးပိုင်းဆိုင်ရာတို့မှာတော့ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်ဆိုင်းတယ်ဆိုတာက နိုင်ငံရေးအပိုင်းကို ပြောတာ များပါတယ်။” ယူအန်အက်ဖ်စီအဖွဲ့ဖွဲ့စည်းပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ၂၀၁၁ နှောင်းပိုင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီနောက်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရယူခဲ့ပြီးတဲ့နောက် ယူအန်အက်ဖ်စီနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ တပြည်လုံးအပစ်ရပ်စာချုပ်ကို ပူးတွဲရေးဆွဲနေဆဲဖြစ်ပြီး စာချုပ်လက်မှတ်ထိုးပြီး သုံးလအကြာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ သဘောတူထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားကိုတော့ တွေ့ဆုံခဲ့တဲ့   ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ထုတ်ပြောခဲ့သလို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းကလည်း ဖက်ဒရယ်ပြည်ထောင်စု ပေးပြီးပြီဖြစ်တဲ့အတွက် ဖက်ဒရယ်တပ်နဲ့ ဖက်ဒရယ်ရဲတွေက အလိုအလျောက် ပါလာမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ အမည်နာမကြောင့်  မြန်မာ့တပ်မတော်အပါအ၀င် တပ်မတော် နှစ်ခု ရှိနေတဲ့ သဘောမဟုတ်ဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းလင်းပါတယ်။ “ကျနော်တို့ တရားဝင်ခေါ်တာတော့ ARMY ပေါ့။ ARMY ကို တပ်မတော်လို့သုံးတော့ ဟိုဘက်က လက်ရှိ ဗမာ့တပ်မတော်က စိတ်မကောင်းဖြစ်တယ်။ တကယ်တော့ ကျနော်တို့က ကချင်တပ်မတော်၊ ကရင်တပ်မတော်တောင် ခေါ်နေတော့ တပ်မတော်လို့ လွယ်လွယ် ခေါ်လိုက်တာပါ။ တကယ့် ပြည်ထောင်စုအဆင့် တပ်မတော်တော့ မဟုတ်ဘူးပေါ့ဗျာ။ အဖွဲ့ဝင်လက်အောက်က တပ်တွေပဲ စုဖွဲ့ထားတယ်ဆိုတော့။ တပ်ဖွဲ့ဆိုလည်း မမှားပါဘူး။ ARMY ဆိုတဲ့ ဗမာစကားကို ဘယ်လိုပြန်ရမလည်း မသိဘူးဗျာ။ အဲသလိုပါ။ “စိုးရိမ်ပူပန်မှုတော့ မရှိသင့်ပါဘူး။ ဒီအဖွဲ့က ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်မှာပါ။ တိုက်ဖို့ ခိုက်ဖို့ ညွှန်ကြားချက်နဲ့ လုပ်တဲ့အဆင့်တော့ မရှိသေးပါဘူး။” နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၂ ရက်နေ့မိန့်ခွန်းမှာ တိုင်းရင်းသားတွေရဲ့ တပြည်လုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်ရရှိထားပြီးဖြစ်တယ်လို့ ရေဒီယိုမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အဓိကတောင်းဆိုချက် ၂ ခုကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းတည်ထောင်ရေးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024