ဆူပါတိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်ကို ဦးတည်နေ

1.2K
ပစိဖိတ်သမုဒ္ဒရာမှာ အင်အားကောင်းလာနေတဲ့ ဆူပါတိုင်ဖွန်းမုန်တိုင်း ဟာဂူပစ် Hagupit ဟာ ဖိလစ်ပိုင်နိုင်ကို မကြာခင် ၀င်ရောက်တော့မှာမို့ မုန်တိုင်းဘေး လွတ်ရာကို လူတွေရွှေ့ပြောင်းထားပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။
ဖိလစ်ပိုင်သမ္မတ အကွီနိုက ဒီဇင်ဘာ ၄ ရက်နေ့က အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီး ပြင်ဆင်မှုတွေကို အသေးစိတ်ညွန်ကြားခဲ့ပါတယ်။
မုန်တိုင်းဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ လေတိုက်နှုန်း တနာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တွေကို ၀င်ရောက်မယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့နှစ်က အပြင်းထန်ဆုံးမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟိုင်ရန်တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းအတိုင်း ၀င်ရောက်မယ်လို့လည်း သိရပါတယ်။
ဟိုင်ရန်မုန်တိုင်းကြောင့် အခုအချိန်အထိ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဟိုင်ရန်မုန်တိုင်းလောက် အင်အားမပြင်းပေမယ့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ၊ လှိုင်းကြီးလေထန်မှုတွေ ဖြစ်မယ်လို့လည်း မိုးလေ၀သအာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါကြောင့် အစိုးရရုံးတွေ၊ ကျောင်းတွေအားလုံး ပိတ်ထားလိုက်ပြီး ဖိလစ်ပိုင်ပြည်သူတွေလည်း ရိက္ခာတွေ တန်းစီဝယ်ယူစုဆောင်းနေကြပါတယ်။
ဟာဂူပစ် မုန်တိုင်းကို ပတ္တမြားဆူပါမုန်တိုင်းလို့လည်း ခေါ်ဆိုပြီး မုန်တိုင်းအဆင့်သတ်မှတ်ချက် ၅ ဆင့်မှာ အဆင့် ၄ သတ်မှတ်ထားပါတယ်။
ပြီးခဲ့နှစ် နိုဝင်ဘာလက ဟိုင်ရန်တိုင်ဖွန်း ၀င်ရောက်ခဲ့တုန်းကတော့ ဖိလစ်ပိုင်ပြည်သူ ၇ ထောင်ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ပါတယ်။