အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်းဒါးအဖွဲ့ခွဲရဲ့ ပြန်ပေးဆွဲခံထားတဲ့ ဗြိတိန်နိုင်ငံဖွား အမေရိကန်နိုင်ငံသားကို အမေရိကန်နဲ့ ယီမင်တပ်ဖွဲ့တွေက ကယ်တင်ဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ဖော်ပြောပါတယ်။
[caption id="attachment_72897" align="alignright" width="580"]

ပြန်ပေးဆွဲခံထားရသည့် အမေရိကန်နိုင်ငံသား[/caption]
ပြီးခဲ့တဲ့လက အမေရိကန်သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ကြိုးစားခဲ့ကြပေမယ့် အမေရိကန် နိုင်ငံသား လုကီ ဆိုမာစ် (Luke Somers) ဟာ နေရာမှာ ရှိမနေခဲ့တဲ့အတွက် မကယ်တင်နိုင်ခဲ့ဘူးလို့ အမေရိကန်အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ဆင်ရေးမှာ တွေ့ရှိခဲ့တဲ့ တခြားနိုင်ငံသား ဓားစာခံ ၈ ဦးကို ကယ်တင်ခဲ့ပြီး အယ်ကိုင်ဒါ ၇ ဦးကို သုတ်သင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၃၃ အရွယ် လုကီ ဆိုမာစ်ဟာ ဓာတ်ပုံဆရာနဲ့ သတင်းထောက်တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဖမ်းဆီးပြီး ပြန်ပေးဆွဲခံရတာပါ။
အာရေဗျဒေသ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ သူကို ကယ်တင်ဖို့ တောင်းဆို ထားပါတယ်။
အယ်လ်ကိုင်းဒါးအဖွဲ့ဝင်တဦးကလည်း သူတို့ တောင်းဆိုထားတဲ့အတိုင်း ဖြစ်မလာရင် သတ်ဖြတ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ထောက်လှမ်းရေးသတင်းအတိအကျရတိုင်း အမေရိကန်ဓားစာခံတွေကို ကယ်တင်ဖို့ ကြိုးစားတယ်လို့ အမေရိကန်အစိုးရက ဆိုပေမယ့် အခုလို မအောင်မမြင်ဖြစ်လာရင် ဓားစာခံအတွက် ပိုအန္တရာယ်ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။
အိုင်အက်စ်အကြမ်းဖက်တွေရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခံရတဲ့ အမေရိကန်နိုင်ငံသား ၃ ဦးရှိပြီ ဖြစ်ပါတယ်။
သမ္မတအိုဘားမားအစိုးရဟာ ပြန်ပေးတောင်းဆိုငွေ မပေးဘူး၊ ပြန်ပေးဆွဲခံရသူရဲ့ မိသားစုဝင်တွေကို ထုတ်ဖော်ပြောဆိုခွင့် မပေးဘူး။ ပြန်ပေးဆွဲသူတွေနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း မကြိုးစားဘူးဆိုပြီး ပြစ်တင်ဝေဖန်ခံနေရပါတယ်။
အာရေဗျဒေသရဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲဟာ ယီမင်နိုင်ငံအရှေ့ပိုင်းမှာ အခြေခံပြီး အကြမ်းဖက်ဆုံး အယ်လ်ကိုင်းဒါးအဖွဲ့ခွဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်ထားပါတယ်။