တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ရာဘ(ခေါ်)မြင်းဆေးလို စိတ်ကြွ ရူးသွပ် မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူလို့ ရနေပါတယ်။

ရေဖြူမြို့နယ်က ကျေးရွာအုပ်စု ၁၀ အုပ်စုနဲ့ ကျေးရွာပေါင်း ၄၀ ကျော်ရှိတဲ့ ကံပေါက်ဒေသမှာ ရာဘ(ခေါ်)မြင်းဆေးလို စိတ်ကြွရူးသွပ် မူးယစ်ဆေးတွေကို ၁ ပြား ၆၀၀၀၊ ၇၀၀၀ ကျပ်နှုန်းနဲ့ အလွယ်တကူ ဝယ်ယူလို့ ရတယ်လို့ သုံးစွဲနေကြသူတွေက ပြောပါတယ်။
ဒေသခံတဦးက “၆၀၀၀၊ ၇၀၀၀ လောက် ရှိတာပေါ့။ ချိန်းလိုက်ရင် လာပို့ပေးတယ်။ ပြီးရင် တောထဲသွားပြီး နေရာလွတ်တဲ့နေရာတွေမှာ သုံးစွဲတာပါ။ အခု လူငယ်တွေကအစ သုံးစွဲကြတယ်။ ကလေးလေးတွေက အစပဲ။ ၁၅ နှစ်လောက်ပေါ့” လို့ ပြောပါတယ်။
ရာဘ(ခေါ်)မြင်းဆေးလို မူးယစ်ဆေးဝါးတွေကို ဘိလိယက်ခုံတွေနဲ့ ကွမ်းယာဆိုင်တွေမှာ အချိတ်အဆက်ပြုလုပ်ပြီး ဝယ်ယူသလို ကို်ယ်လိုချင်တဲ့နေရာကို လာရောက်ပို့ခိုင်းပြီးတော့လည်း အလွယ်တကူ ဝယ်ယူလို့ရတယ်လို့လည်း သုံးစွဲတဲ့လူငယ်တွေက ပြောပါတယ်။
သုံးစွဲတဲ့သူတွေအများစုဟာ အသက် ၁၄နဲ့ ၁၅ နှစ်လို ဆက်ကျော်သက်အရွယ်ကနေ အသက် ၄၀ ကျော်၊ ၅၀ ကျော်တွေထိ သုံးစွဲကြပြီး အများစုကတော့ အမျိုးသားတွေကသာ သုံးစွဲကြတာ များပါတယ်။ အခုလို ရာဘ(ခေါ်) မြင်းဆေးလို မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူ သုံးစွဲနေတာတွေကြောင့်လည်း ဒေသခံ မိဘတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ကျေးရွာသူ မဖြူက “သားကိုတော့ ရန်ကုန်မှာ ထားထားပါတယ်။ အရင်က စဉ်းစားထားတာကတော့ ကျောင်းပြီးရင် ဒီကို ပြန်ခေါ်မယ်ပေါ့။ ဒါပေမယ့် အခုကျတော့ ဒီဒေသတွေမှာ ကြားနေရတဲ့သတင်းတွေက မကောင်းဘူးလေ။ အမကတော့ သားကို ပြန်ခေါ်ဖို့ စိတ်ဆန္ဒ မရှိဘူးပေါ့နော်။ ဟိုမှာပဲ ပြန်ဆက်ထားမယ်” လို့ ပြောပါတယ်။
ကံပေါက်ဒေသတွင်း လူငယ်တွေအကြား မူယစ်ဆေးဝါး အလွယ်တကူ ပျံ့နှံ့လာနေတာနဲ့ အတူ တဖက်မှာလည်း ဒေသခံရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောဆွေးနွေးတာတွေလည်း လုပ်ဆောင်လာ နေခဲ့ပါတယ်။
ကံပေါက်ဒေသ အာယုဒါ လူမှုအဖွဲ့အစည်းက ဦးတင်ထွေးက “ကံပေါက်မှာက မူးယစ် ဆေးဝါးတွေ တော်တော်လည်း ပျံ့နှံ့လာတယ်လို့ မြင်ရတယ်။ အဲလို မြင်ရတာ့ ပရဟိတ အဖွဲ့တွေက ဦးဆောင်ပြီး လုပ်ဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ပိုပြီးတော့ မကျယ်ပြန့် သွားရအောင်၊ ထိန်းသိမ်းနိုင်အောင်လို့ပါ။ မူးယစ်ဆေးဝါးနဲ့ ကလေးတွေက တော်တော်လေးကို နီးစပ်လာနေပြီ။ အဲလိုဖြစ်လာတော့ ရပ်မိရပ်ဖရယ်၊ လူမှုအဖွဲ့အစည်းတွေရယ်၊ အုပ်ချုပ်ရေးပိုင်းတွေ ပူးပေါင်းပြီး လုပ်ရမယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့ လုပ်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
ကံပေါက်ဒေသမှာ ရာဘ ခေါ် မြင်းဆေးလို မူးယစ်ဆေးဝါးဖမ်းဆီးခဲ့တာ ရှိလာခဲ့သလို၊ မူးယစ်ဆေးဝါး ပုဒ်မတွေနဲ့ ကံပေါက်ရဲစခန်းကနေ တရားစွဲဆို အရေးယူ ထားခဲ့တာတွေလည်း ရှိနေပါတယ်။
ဒါပေမယ့်လည်း အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ အားနည်းနေတယ် လို့လည်း ဒေသခံပြည်သူတွေက ပြောဆိုဝေဖန်နေကြပါတယ်။