အင်ဒိုနီးရှားပညာရေး ပြုပြင်ပြောင်းလဲရေးစီမံကိန်း စတင်ကျင့်သုံး

1K
အင်ဒိုနီးရှားနိုင်ငံတလွှား ပညာရေးပြုပြင်ပြောင်းလဲမှု စီမံကိန်းအစိတ်အပိုင်းအဖြစ် မြို့တော် ဂျကာတာ က အစိုးရမူလတန်းကျောင်းမှာ စတင်ပြောင်းလဲ ကျင့်သုံးနေပါတယ်။
အနာဂတ်ပညာရေးစနစ်အတွက် ကျွမ်းကျင်မှုတွေနဲ့ သိပ္ပံဘာသာရပ်ကို အာရုံစိုက်မှုလျော့ချပြီး ဘာသာရေးနဲ့လူမှုကျင့်ဝတ် လေ့လာမှုတွေနဲ့အတူ စရိုက်လက္ခဏာ တည်ဆောက်မှုကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ယဉ်ကျေးမှုနဲ့ မူလတန်းအလယ်တန်း ပညာရေးဝန်ကြီးက အနာဂတ်မှာ အထူးပြုတွေထက်ပိုပြီး အရာရာကို သင်ယူနိုင်စွမ်းရှိပြီး နယ်ပယ်ပြောင်းလဲ လုပ်ကိုင်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်နိုင်တဲ့လူတွေ ပိုလိုအပ်တယ်လို့ ပြောပါတယ်။
အဓိကယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်ချက်အရ ကလေးတွေ ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် လုပ်ပေးချင်တယ်လို့လည်း ပြောပါတယ်။ သင်ရိုးညွှန်းတမ်းအသစ်ကို မြို့တော်ဂျကာတာက အများစုဖြစ်တဲ့ ကျောင်းပေါင်း ၆ ထောင်မှာ ပါဝင်လေ့ကျင့်နေပါပြီ။
သမ္မတ ဂျိုကို ဝီဒိုဒိုက မကြာခင် အစီအစဉ်မှာ အင်ဒိုနီးရှား နိုင်ငံတလွှားက ကျောင်းပေါင်း ၂၁၈၀၀၀ ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။ အဂတိလိုက်စားမှုနှုန်း မြင့်မားတာကို ကျဆင်းစေဖို့ ကလေးတွေကြား ကျင့်ဝတ်ဆိုင်ရာ ပညာရေးကို တဖြည်းဖြည်းချင်း အခြေခိုင်အောင် လုပ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
ဘော့စ်တွန် အခြေစိုက် အကြံပေးအုပ်စုရဲ့ ဒီနှစ်အစောပိုင်း အစီရင်ခံစာအရ အင်ဒိုနီးရှားမှာ ပညာရှင်ပြတ်လပ်မှုကို သတိပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ကိုယ်ပိုင်လုပ်သားတွေကို ရှာဖွေ ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။
အရှေ့ တောင်အာရှရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံ အင်ဒိုနီးရှားမှာ တနှစ်ကို အင်ဂျင်နီယာ လိုအပ်ချက် ၅ သောင်း ရှိပြီး ၃ သောင်းသာ မွေးထုတ်ပေးနိုင်လို့ ၂၀၂၅ မှာ အင်ဂျင်နီယာ ပြတ်လပ်မှုက ၇၀ ရာခိုင်နှုန်း ပိုတိုးလာမယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။