လတ်တလော ဟောင်ကောင်ဆန္ဒပြပွဲတွေကို ပထမဆုံးစတင်ခဲ့တဲ့ ဆန္ဒပြခေါင်းဆောင် ၃ ဦးဟာ ကြေညာထားတဲ့အတိုင်း ဒီဇင်ဘာ ၃ ရက်နေ့က ဟောင်ကောင်ရဲဌာနချုပ်မှာ သွားရောက်အဖမ်းခံခဲ့ကြပါတယ်။

တက္ကသိုလ်ပါမောက္ခတွေဖြစ်တဲ့ ချန်ကင်မင်း၊ ဘန်နီတိုင်း နဲ့ သင်းအုပ်ဆရာ ချူယူမင်း တို့က ရဲနဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြပွဲတွေကို ပြန်ရုပ်သိမ်းဖို့ ဒီဇင်ဘာ ၂ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။
သူတို့ ၃ ဦးကို ရဲတွေက မဖမ်းဆီးပဲ ပြန်လွှတ်ပေးလိုက်ပေမယ့် သူတို့ကိုယ်ရေးအချက်အလက် အပြည့်အစုံယူထားလိုက်တယ်လို့ ဘန်နီတိုင်း က ပြောဆိုပါတယ်။ ဒီမိုကရေစီဆန္ဒပြပွဲတွေကို ဆန့်ကျင်တဲ့ ဖဲကြိုးပြာအဖွဲ့က သူတို့ ၃ ဦးကို ကြိုဆိုခဲ့ပြီး ဒီအချိန်ဟာ ဟောင်ကောင်ပြည်သူတွေ အပျော်ရွှင်ဆုံးအချိန်အခါဖြစ်တဲ့လို့ အဖွဲ့ခေါင်းဆောင် က ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ လ ဟောင်ကောင်ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားချိန်က ဆန္ဒပြသူ ၁ သိန်းကျော်ခဲ့ပေမယ့် နောက်ပိုင်း အမာခံကျောင်းသားတွေကပဲ ဆက်လက်ပြီး ညအိပ်စခန်းချ ဆန္ဒပြနေကြတာပါ။ ဒီဆန္ဒပြပွဲတွေ ပြန်ရုပ်သိမ်းဖို့ ကျောင်းသားတွေက ငြင်းဆန်နေပြီး သူတို့တောင်းဆိုမှုတွေ ရတဲ့အထိ ဟောင်ကောင်အစိုးရကို ဆက်လက်ဖိအား ပေးတောင်းဆိုသွားမယ်လို့ ပြောဆိုနေကြပါတယ်။
ဟောင်ကောင်ကို လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမယ်ဆိုတဲ့ ဂတိနဲ့ ၁၉၉၇ က တရုတ်အစိုးရက ရယူခဲ့ပေမယ့် ၂၀၁၇ ရွေးကောက်ပွဲကို သူတို့ စီစဉ်တဲ့အတိုင်းပဲ ကျင်းပရမယ်လို့ ဆိုနေတာပါ။