
ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ အာစင်နယ်နဲ့ မန်စီးတီးတို့ နိုင်ပွဲ အသီးသီး ရသွားပါတယ်။
လန်ဒန် ဒါဘီ ပွဲစဉ်မှာ ချဲလ်ဆီးက တော့တင်ဟမ် ဟော့စပါးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အနို်င်ဂိုးတွေကို အိမ်ကွင်းမှာ လန်ဒါ ဟာဇက်၊ ဒရော့ဘာနဲ့ ရီမီတို့က သွင်းယူပါတယ်။ ချဲလ်ဆီးအတွက် တော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါးက ပွဲအစ ပိုင်းမှာ ကစားပုံ ပိုကောင်းပြီး အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရပါတယ်။ ချဲလ်ဆီးကတော့ ဟာဇက်ရဲ့ ပထမဂိုး ရပြီးနောက်ပိုင်းမှာ ပွဲကို ထိမ်းချုပ် ကစားနိုင်ခဲ့ပါတယ်။ နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးက ၃၆ မှတ်နဲ့ အမှတ်ပေး ဇယားကို ဆက်ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၆ မှတ် ဖြတ်ထား နိုင်လိုက်ပါ တယ်။
မန်စီးတီးကတော့ အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၄ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို အက်ဂွာရို၊ ဂျိုဗက်တစ်နဲ့ ဇာဘယ်လက်တာတို့ သွင်းယူပါတယ်။ တိုက်စစ်မှူး အက်ဂွာရိုအတွက်တော့ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။
အာစင်နယ်ကတော့ ၈၉ မိနစ်မှာ သွင်းတဲ့ ဆန်းချက်ရဲ့ တလုံးတည်းသော ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ အာစင်နယ်က ၂၃ မှတ်နဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။