အကျင့်ပျက်လာဘ်အစားဆုံး ဒေသတွင်း ၃ နိုင်ငံတွင် မြန်မာပါဝင်

5.2K
မြန်မာ၊ မြောက်ကိုရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ အာရှပစိဖိတ်ဒေသတွင်းမှာ အကျင့်ပျက်ခြစားဆုံး ၃ နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုကို စောင့်ကြည့်လေ့လာနေတဲ့ ဂျာမနီအခြေစိုက် Transparency International အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာ သတ်မှတ် ဖော်ပြထားပါတယ်။
ဒီအဖွဲ့ထုတ်ပြန်တဲ့ ၂၀၁၄ အဂတိလိုက်စားမှုအခြေပြ ညွှန်းကိန်းထဲမှာ ဒေသတွင်းနိုင်ငံအတွေအနက် မြန်မာက အဆင့် ၁၅၆ နေရာမှာ ရပ်တည်နေပြီး အာဖဂန်နစ္စတန်ကအဆင့် ၁၇၂ နဲ့ မြောက်ကိုရီးယားက အဆင့် ၁၇၄ မှာ အသီး သီးရပ်တည်နေတာပါ။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က အဆင့် ၁၅၇ ရှိခဲ့ရာက ဒီနှစ်မှာ တဆင့်တိုးတက်လာခဲ့တာဖြစ် ပေမယ့် ကမ္ဘာမှာ လာဘ်စားမှု အဆိုးဆုံးနိုင်ငံ ၂၀ ထဲမှာတော့ ဆက်လက် ပါဝင်နေဆဲဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံကို ပြုစုစစ်တမ်းထုတ်ထားတဲ့ ဒီစာရင်းမှာ အသန့်ရှင်းဆုံးနိုင်ငံတွေကတော့ ဒိန်းမတ်၊ နယူးဇီလန်နဲ့ ဖင်လန်နိုင်ငံတွေက ပထမ၊ ဒုတိယနဲ့ တတိယ နိုင်ငံတွေအဖြစ် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ အရှေ့တောင်အာရှက စင်ကာပူနိုင်ငံ တနိုင်ငံတည်း ပါဝင်နေပါတယ်။
ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးနိုင်ငံတွေကတော့ ဆိုမားလီးယား၊ မြောက်ကိုရီးယားနဲ့ ဆူဒန်နိုင်ငံတွေဖြစ်ပါတယ်။
အစီရင်ခံစာထုတ်ပြန်တဲ့အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဟိုဆေးယူဂါ့ဇ်က “ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေး တိုးတက်မှုဟာ လျော့ပါးခဲ့ပြီး ခေါင်းဆောင်တွေနဲ့ အဆင့်မြင့် အရာရှိတွေက ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်တဲ့အခါမှာ ခြစားမှုရပ်တန့် သွားအောင် ကြိုးပမ်းအားထုတ်မှုတွေ အားနည်းနေတယ်ဆိုတာ ဒီစစ်တမ်းက ပြသနေတယ်” လို့ ပြောပါတယ်။
ဇယားအောက်ဆုံးမှာ ရောက်နေတဲ့ နိုင်ငံတွေအနေနနဲ့ ကိုယ့်နိုင်ငံက ပြည်သူတွေအတွက် လာဘ်စားမှုတိုက်ဖျက်ရေးကို အခြေခံကျကျလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ထိပ်ဆုံးနိုင်ငံတွေ ကလည်း အကျင့်ပျက်ချစားမှု အလေ့အကျင့်တွေကို မဖွံ့ဖြိုးတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေဆီ ယူဆောင်မသွားသင့်ဘူးလို့လည်း ပြောပါတယ်။
မြန်မာ အစိုးရကတော့ အဂတိလိုက်စားမှုဥပဒေကို ၂၀၁၃ မှာ ပြဋ္ဌာန်းခဲ့တဲ့အပြင် အကျင့် ပျက်ဝန်ထမ်းတွေကို အရေးယူပြီး လာဘ်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတချို့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၂ခုနှစ် တုန်းကတော့ လာဘ်စားမှုအဆင့်ဟာ ၁၇၂ ကမ္ဘာ့ အဆိုးရွားဆုံး ၅နိုင်ငံစာရင်းမှာပါဝင်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေရှိလာပြီးနောက် ၂၀၁၃ ခုနှစ်ကစပြီး နောက်ဆုံး အဆင့် ၂၀ နေရာမှာ တိုးတက်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။