လိပ်ကျွန်းလူသတ်မှု အမှုတွဲ ဆောလျင်စွာ အချောသပ်
DVB
·
December 3, 2014
လိပ်ကျွန်း (ခိုတောင်) လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိတွေတွေကို တရားရုံးမှာ စွဲချက် တင်စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ အစိုးရရှေ့နေတွေက အမှုတွဲ တခုလုံးကို အဆောတလျင် အချောသပ်ခဲ့တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်က “အစိုးရ ရှေ့နေကောင်စီက တောင်းခံထားတဲ့ အမှုတွဲလိုအပ်ချက်တွေကို အထူးစုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့က အားလုံး ရှာဖွေဖြည့်စွက်ပေးခဲ့ပြီ ဖြစ်တဲ့အတွက် တိုင်းအဆင့် အထူးရှေ့နေနဲ့ ကော့စမွီခရိုင်က အစိုးရရှေ့နေတွေကိုပါ အစည်းအဝေးခေါ် ယူပြီး အမှုတွဲကို စစ်ဆေးအချောသပ်ခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောပါ တယ်။
ဒီဇင်ဘာလ ၃ ရက် မနက် ၁၀ နာရီက ဆူရတ်ဌာနီမြို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ်ရုံးမှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူရှေ့နေတွေဟာ စိတ်ဖိစီးပုံရနေပြီး သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သနေရှင်းသတင်းထောက်က ပြောပါတယ်။
ဖိစီးမှုဖြေလျော့ဖို့ ခေတ္တအပြင်ထွက်လာတဲ့ ရှေ့နေချုပ်ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီကနေ့ အစည်းအဝေးဟာ ခိုတောင်ကျွန်းလူသတ်မှုကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့ ကော်စမွီတရားရုံးမှာ စွဲချက်တင်စစ်ဆေးနိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။
အမှုတွဲအားလုံးမှာ လူသက်သေ၊ ပစ္စည်းသက်သေနဲ့ အရေးကြီးတဲ့ မှုခင်းဆေးသိပ္ပံဆိုင်ရာ သက်သေတွေ ခိုင်လုံစွာရှိနေပြီဖြစ်တဲ့အတွက် အမှတ် ၈ တိုင်းဒေသရှေ့နေကောင်စီ အနေနဲ့ စိတ်ချယုံကြည်မှုရှိကြောင်း၊ ကျန်တာတွေကတော့ တရားရုံးရဲ့ အဆုံးအဖြတ် အတိုင်းသာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။