ဂရိနိုင်ငံတွင် မင်းမဲ့ဝါဒီတစုနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

1.4K
ဂရိနိုင်ငံ မြို့တော်အေသင်မှာ မင်းမဲ့ဝါဒီတအုပ်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရဲအရာရှိတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရင်း မီးရှို့ခဲ့လို့ ဘတ်စ်ကားတစီးနဲ့ ကား ၃ စီး မီးလောင်ခဲ့ပါတယ်။
ဘတ်စ်ကားကို မီးမရှို့ခင် မောင်းတဲ့လူကို ကားကနေ ခွာသွားဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ အမှိုက်ပုံးအတော်များများနဲ့ မော်တော်ဆိုင်ကယ် အနည်းဆုံး တစီးလည်း မီးရှို့ခံရတယ်လို့ ရဲက ပြောပါတယ်။
“ဆိုင်ခန်း ၄ ခုက ပြတင်းမှန်တွေကိုလဲ ခွဲခဲ့ကြပါတယ်။ လူငယ်တွေကို လူစုခွဲဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေကို ဖြန်းခဲ့တဲ့ ရဲတွေကို အဲဒီအုပ်စုက ကျောက်တုံးတွေနဲ့ ပစ်ခတ်ခဲ့ကြလို့ လူ ၅ ယောက်ကို ဖမ်းဆီးခဲ့ရပါတယ်။ မီးသတ်သမားတွေက မီးတွေကို အမြန်ငြိမ်းသတ်ခဲ့ရပြီး ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဘဏ်လုယက်မှုနဲ့ ထောင်ကျခဲ့တဲ့ မင်းမဲ့ဝါဒီ တယောက်က တက္ကသိုလ်အတန်းတွေ တက်ခွင့်ပြုဖို့ တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ သူ့ကို ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုအပြီး အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ” လို့ ရဲက ပြောပါတယ်။
အစိုးရအရာရှိတွေကတော့ သူ့ကို ထောင်ထဲကနေ တက္ကသိုလ်အတန်းတွင်း သင်ခန်းစာတွေကို ရုပ်သံနည်းပညာ တယ်လီကွန်းဖရန့်စ်ကနေတဆင့် သင်နိုင်ဖို့ ဖြစ်နိုင်ချေတွေကို စဉ်းစားနေတယ်လို့ ဒီဇင်ဘာ ၂ ရက်နေ့က ပြောပါတယ်။
အေသင်မြို့တော်ရဲ့ သမိုင်းမှာ အဆိုးရွား အပြင်းထန်ဆုံး အကြမ်းဖက်မှုတွေ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့အပြီး ရဲအရာရှိတယောက်လက်ချက်နဲ့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။ အဲဒီအရေး နှစ်ပတ်လည်နေ့ မတိုင်မီ ခုလိုအကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတာပါ။
နှစ်ပတ်လည်နေ့တွေမှာ မင်းမဲ့ဝါဒီတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မကြာခဏ ပေါ်ပေါက်လေ့ ရှိပါတယ်။